
ဩဇာကြီးတဲ့ ကမ္ဘောဒီးယား သူဌေးကြီးတယောက် ထိန်းချုပ်ထားတဲ့ လောင်းကစားအင်ပါယာဟာ လုပ်ငန်းအတိုင်းအတာထိ ကြီးတဲ့ လိမ်လည်မှုနဲ့ လူကုန်ကူးမှုလုပ်ငန်းတွေအတွက် သုံးခဲ့တဲ့ ခြံဝင်းတဝင်းခုရဲ့ မြေပိုင်ရှင် ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနမှာ ရေးပါတယ်။
လင်ဟုန်အုပ်စုဟာ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်က လောင်းကစားရုံတခုနဲ့ မျှဝေထားတဲ့ မြေပေါ်မှာ အဆောက်အအုံတွေကို ဈေးကွက်ပေါက်စျေးထက်မြင့်တဲ့နှုန်းထားတွေနဲ့ ငှားရမ်းခဲ့တာကို ၂၀၂၄ ခုနှစ် မတ်လ ရက်စွဲပါ ငှားရမ်းမှုသဘောတူညီချက်ထဲမှာ တွေ့ရတယ်လို့ သတင်းဌာနက ဖော်ပြထားပါတယ်။
အဆောက်အအုံတွေမှာ အလုပ်လုပ်ခဲ့သူတွေနဲ့ ထိုင်းစစ်တပ်ကို တွေ့ဆုံမေးမြန်းမှုတွေအရရော၊ ရိုက်တာသတင်းဌာနက အခုနှစ်အတွင်း အဲဒီနေရာကို ၂ ကြိမ်သွားခဲ့တဲ့ အတွေ့အကြုံအရပါ ရဲစခန်းတွေနဲ့ နိုင်ငံပေါင်းစုံက ဘဏ်ခွဲတွေအဖြစ် ပုံဖမ်းထားတဲ့ အဆောက်အအုံတွေဟာ ကမ္ဘာတဝန်းက သားကောင်တွေအပေါ် ကျူးလွန်တဲ့ အယောင်ဆောင် လိမ်လည်မှုတွေရဲ့ နောက်ခံတွေလို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
လိမ်လည်မှုတွေ ကျူးလွန်နေတဲ့ အဆောက်အအုံတွေနဲ့ လင်ဟုန်အုပ်စုတို့ကြား စီးပွားရေးဆက်နွှယ်မှု အသေးစိတ်အချက်အလက်တွေကို ရိုက်တာသတင်းဌာနက ပထမဆုံး အစီရင်ခံ တင်ပြခဲ့တာပါ။
ဒီအဆောက်အအုံတွေဟာ Royal Hill လောင်းကစားရုံကနေ မီတာဆယ်ဂဏန်းအကွာမှာ တည်ရှိပါတယ်။
လောင်းကစားရုံမှာ လုပ်ခဲ့တဲ့ လူကုန်ကူးမှုတွေ၊ လိမ်လည်မှုတွေမှာ လင်ဟုန်အုပ်စုက တိုက်ရိုက်ပါဝင် ပတ်သက်နေတယ်ဆိုတဲ့ အထောက်အထားကိုတော့ မတွေ့ရသေးပါဘူး။
Royal Hill ကလည်း ဆိုက်ဘာလိမ်လည်မှုနဲ့ လူကုန်ကူးမှု လုပ်ဆောင်ချက်တွေအကြောင်း ဖုန်းခေါ်ဆိုမှုတွေ၊ အီးမေးလ်နဲ့ မေးမြန်းချက်တွေကို မတုံ့ပြန်ပါဘူး။
ရိုက်တာသတင်းဌာနက လင်ဟုန်အုပ်စုဆီ စာတိုက်ကနေ မှတ်ပုံတင်စာတွေ ပေးပို့ မေးမြန်းခဲ့ပေမဲ့ မဖြေခဲ့ပါဘူး။
ကမ္ဘောဒီးယားအစိုးရဟာ လိမ်လည်မှုတွေကို တိုက်ဖျက်ဖို့ နိုင်ငံတကာမိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုထားတယ်လို့ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး တာဝန်ပေးခံရတဲ့ ကမ္ဘောဒီးယား အကြီးတန်းဝန်ကြီး ချိုင်းစီနာရစ်က ပြောရင်း ရိုက်တာသတင်းဌာနရဲ့ မေးခွန်းတွေကို တုံ့ပြန် ဖြေကြားပါတယ်။
ကမ္ဘောဒီးယားစစ်တပ်ကတော့ လင်ဟုန်နဲ့ သူတို့ကြား ဆက်နွှယ်မှုနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို မတုံ့ပြန်ပါဘူး။
Royal Hill လောင်းကစားရုံဟာ ရောမနဲ့ ဂရိ ရှေးဟောင်းဂန္ထဝင် ပုံစံကို အခြေခံတဲ့ ကျောက်တိုင်တွေ၊ ရွှေဘောင်ခတ်ထားတဲ့ မျှော်စင်တွေနဲ့ အဆောက်အအုံဖြစ်ပြီး ထိုင်းနယ်စပ်ကနေ မီတာနည်းနည်း အကွာမှာ ရှိပါတယ်။
အခု အဲဒီနေရာကို သိမ်းပိုက်ထားတဲ့ ထိုင်းစစ်တပ်က Royal Hill ဟာ လိမ်လည်မှုအဆောက်အအုံတခု ဖြစ်တဲ့ အထောက်အထားကို ပြချင်တယ်လို့ ပြောပါတယ်။
ကနဦးစစ်တမ်း ကောက်ယူမှုအရ အဆောက်အအုံ ၃ ခုအနက် ၂ ခုမှာ အခန်း ၂၅၀လောက်ရှိတယ်လို့ ထိုင်းစစ်တပ်ကလည်း ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ကမ္ဘောဒီးယားမှာ လူလိမ်တွေသုံးနေတဲ့ အိမ်ခြံမြေတွေကို ဩဇာကြီးတဲ့ အခွင့်ထူးခံ လူစုက ပိုင်ဆိုင်ပြီး ရာဇဝတ်မှုတွေကနေ ငွေကြေးအကျိုးအမြတ်ရနေလို့ လိမ်လည်မှုလုပ်ငန်းတွေ အတွင်း အလွဲသုံးစားလုပ်မှုတွေ “ကျယ်ကျယ်ပြန့်ပြန့်” ရှိနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ၂၀၂၄ ခုနှစ် လူကုန်ကူးမှုအစီရင်ခံစာမှာ ပြောထားပါတယ်။










