
မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း မိုက်ကယ်ကာရစ်ကို ၂၀၂၈ ခုနှစ်အထိ စာချုပ်နဲ့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်လိုက်တယ်လို့ မေ ၂၂ ရက်က ကြေညာပါတယ်။
ရာသီဝက်ကျော်မှ ကိုင်တွယ်ခွင့်ရခဲ့ပေမဲ့ အသင်းရဲ့ ရလဒ်တွေကို တိုးတက် ကောင်းမွန်လာစေခဲ့အောင် စွမ်းဆောင်ခဲ့တဲ့အတွက် ဆုချီးမြှင့်တဲ့ သဘောလည်း ဖြစ်ပါတယ်။
အသက် ၄၄ နှစ်အရွယ် အင်္ဂလန်လူမျိုး ကာရစ်ဟာ ယူနိုက်တက်ကို ကိုင်တွယ်ခွင့်ရခဲ့တဲ့ ၁၆ ပွဲမှာ ၁၁ ပွဲအထိ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး၊ အာဆင်နယ်၊ မန်စီးတီး၊ လီဗာပူးနဲ့ ချဲလ်ဆီးတို့လို အသင်းကြီးတွေကို အနိုင်ရခဲ့ပါတယ်။
ဒီနိုင်ပွဲတွေကြောင့် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ တတိယနေရာအထိ တက်လှမ်းနိုင်ခဲ့ပြီး လာမဲ့ရာသီ UEFA Champions League ဝင်ခွင့်ကိုလည်း ရရှိစေခဲ့ပါတယ်။
ကာရစ်က “လွန်ခဲ့တဲ့ နှစ် ၂၀ က ဒီကို ပထမဆုံး ရောက်လာကတည်းက မန်ချက်စတာ ယူနိုက်တက်ရဲ့ ထူးထူးခြားခြား အားမာန်ကို ခံစားခဲ့ရပါတယ်။ ဒီလို ထူးခြားတဲ့ ဘောလုံးအသင်းကို ဦးဆောင်ခွင့်ရတာက ကျနော်အတွက် အလွန်ဂုဏ်ယူစရာပါ”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကာရစ်က “ပြီးခဲ့တဲ့ ၅ လအတွင်း ဒီကစားသမားအုပ်စုဟာ ကျနော်တို့ လိုချင်တဲ့ စိတ်ဓာတ်ခိုင်မာမှု၊ စည်းလုံးညီညွတ်မှုနဲ့ ဆုံးဖြတ်ချက်ပြတ်သားမှုတို့ကို ပြသနိုင်ခဲ့ပါတယ်။ အခုတော့ ရည်မှန်းချက်ကြီးကြီးနဲ့ ရှင်းလင်းတဲ့ ဦးတည်ချက်တခုအောက်မှာ အတူတကွ ရှေ့ဆက်ရမဲ့ အချိန်ပါပဲ”လို့ သူက ထပ်မံ ပြောကြားခဲ့ပါတယ်။
ကာရစ်ကို မူလက ထွက်ခွာခဲ့ရတဲ့ နည်းပြအာမိုရင်ရဲ့ နေရာမှာ ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပေမဲ့ မျှော်မှန်းထားတာထက် ပိုမိုကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ပြီး အိုးထရက်ဖို့ကွင်းမှာ အသင်းရဲ့ စိတ်ဓာတ်နဲ့ အခြေအနေကို ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။
အသင်းကစားသမားတွေကလည်း သူ့ကိုအမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ ထောက်ခံခဲ့ကြပါတယ်။
ဒီရာသီရဲ့ ယာယီနည်းပြအဖြစ် စတင်ကိုင်တွယ်ရချိန်မှာ အဆင့် ၈ နေရာမှာ ရှိနေတဲ့ မန်ယူအသင်းဟာ ပထမဆုံး ပွဲမှာတင် ပရီးမီးယားလိဂ်ရဲ့ ပြင်းထန်တဲ့ ဒါဘီပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းကို ယှဉ်ပြိုင်ရတာ ဖြစ်ပြီး ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ကာရစ်ရဲ့ ဦးဆောင်မှုအောက်ကနေ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အာဆင်နယ်၊ ဖူဟမ်နဲ့ စပါးအသင်းတွေကို ဆက်တိုက် အနိုင်ရအောင်ထိ စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။
ကာရစ်ဟာ ၂၀၂၁ ခုနှစ်မှာ အိုလီဂန်းနားဆိုးရှား ထုတ်ပယ်ခံရပြီးနောက် ယာယီနည်းပြ အဖြစ်လည်း တာဝန်ယူခဲ့ဖူးပါတယ်။
သူဟာ မန်ချက်စတာယူနိုက်တက်ရဲ့ DNA စီးဝင်နေသူ ဖြစ်ပြီး ကစားသမားဘဝအတွင်း ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၄၆၄ ပွဲ ကစားခဲ့ရာမှာ ပရီးမီးယားလိဂ် ချန်ပီယံ ၅ ကြိမ်နဲ့ ၂၀၀၈ ခုနှစ် ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့ပါတယ်။
သူ့ရဲ့ နည်းပြဘဝမှာ ဒုတိယတန်းကလပ် မစ်ဒယ်ဘရော့ကိုလည်း ကိုင်တွယ်ဖူးပြီး၊ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ အသင်းကို ချန်ပီယံရှစ် အမှတ်ပေးဇယား အဆင့် ၂၁ နေရာတွင် ရှိနေစဉ် တာဝန်ယူခဲ့ပါတယ်။
ကာရစ်ဟာ အသင်းရဲ့ အခြေအနေကို လျင်မြန်စွာ ပြောင်းလဲနိုင်ခဲ့ပြီး၊ ပထမရာသီမှာ အဆင့် ၄ နေရာနဲ့ playoff ဝင်ခွင့်ရရှိစေခဲ့သလို နောက်ရာသီမှာလည်း လိဂ်ဖလားဆီမီးဖိုင်နယ်အထိ ပို့ဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ နောက်ဆုံး နှစ်ရာသီမှာ မစ်ဒယ်ဘရောအသင်းဟာ အဆင့် ၈ နဲ့ ၁၀ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ် တန်းတက်ခွင့် မရခဲ့လို့ ကာရစ်ကို ထုတ်ပယ်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ လက်ရှိမှာ အမှတ် ၆၈ မှတ် ရရှိထားပြီး၊ ရာသီမကုန်မီ တပွဲအလိုမှာ တတိယနေရာနဲ့ ရာသီသိမ်းဖို့ သေချာနေပြီ ဖြစ်ပါတယ်။
အသင်းရဲ့ ရာသီနောက်ဆုံးပွဲကို တနင်္ဂနွေနေ့မှာ ဘရိုက်တန်အသင်းရဲ့ အိမ်ကွင်းကို သွားရောက်ကစားရမှာ ဖြစ်ပါတယ်။










