
မန္တလေးတိုင်း ညောင်ဦးမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် လူ ၄ ယောက် ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဇူလိုင် ၂၄ ရက်၊ မနက် ၇ နာရီဝန်းကျင်လောက်က ညောင်ဦးမြို့နယ်၊ တောင်ဘီရွာမကျေးရွာက ကုန်စုံဆိုင်မှာ ထိုင်စကားပြောနေချိန် ဆိုင်ကယ်နဲ့လာတဲ့ အမည်မသိ လက်နက်ကိုင်ဆောင်ထားသူ ၆ ယောက်က စည်ပင်သာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ဦးနဲ့ အဖွဲ့ဝင် ၃ ယောက်ကို သေနတ်နဲ့ပစ်သတ်သွားတာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကိုသိရှိတဲ့သူတယောက်က “ပစ်သတ်ခံရသူတွေက တနေရာတည်းထိုင်နေရင်း ပစ်သတ် ခံရတာ။ အားလုံးနေရာမှာပဲ တခါတည်း သေဆုံးသွားတာ။ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဝင်တွေလို့ သိရ ပါတယ်” လို့ ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၅၀ ဝန်းကျင်အရွယ် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ဦး၊ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် ဦးသက်လွင်ဦး၊ အသက် ၃၆ နှစ်အရွယ် ဦးကျော်ဝင်းသူနဲ့ အသက် ၄၀ ကျော်အရွယ် ဦးမင်းထွန်းတို့ဖြစ်တယ်လို့ သိရပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “အုပ်ချုပ်ရေးမှူးက နဖူးဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ဖောက်ဝင် ဒဏ်ရာ ၁ ချက်နဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ သက်လွင်ဦးက လည်ပင်းဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ကျော်ဝင်းသူက ယာဘက်ရင်အုံ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ မင်းထွန်းက ဝမ်းဗိုက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်နဲ့သေဆုံးသွားတာ” လို့ပြောပါတယ်။
အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကို အမည်မသိလက်နက်ကိုင်အဖွဲ့ ဝင် ၆ ယောက်က ဆိုင်ကယ် ၃ စီးနဲ့ ရောက်လာပြီးသေ နတ် ၃ လက်အသုံးပြုပစ်သတ်သွားတာလို့သိရပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ပစ်သတ်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်အာဏာရှင်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ တော်လှန်ရေးတပ် PDF အဖွဲ့တွေက လာရောက်ပစ်သတ်သွားတာလို့ ရေးသားဖြန့်ဝေနေတာကို တွေ့ရပါတယ်။
ညောင်ဦးမြို့နယ်အတွင်း လှုပ်ရှားနေတဲ့တော်လှန်ရေး တပ်ဖွဲ့တွေဘက်ကတော့ ဇူလိုင် ၂၅ ရက်အထိ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ပစ်သတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိပါဘူး။
ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်ကလည်း မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ပင်ကန်ကျေးရွာ၊ အထက်တန်းကျောင်းခွဲက ကျောင်းအုပ်ဆရာမ ဒေါ်နီလာဝင်းနဲ့ အမျိုးသားဖြစ်သူ ကိုဇော်လတ် တို့ကို အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက ပစ်သတ်ခဲ့သေးတယ်လို့သိရပါတယ်။











