
မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း ရေနံမှော်ထိန်းချုပ်ရေးနဲ့ ဆက်စပ်ပြီး စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့နဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တို့ ဒီကနေ့ ဧပြီလ ၂ ရက်မှာ တွေ့ဆုံညှိနှိုင်း ဆွေးနွေးနေကြပါတယ်။
ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်နယ်စပ်ရှိ သရက်ကန် ရေနံမှော်ဒေသကို မတ် ၃၀ ရက်က NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ တပ်အင်အား ၃၀၀ ကျော် ဝင်ရောက် လာခဲ့ပြီးနောက် စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။
ဒီရေနံမှော်ဒေသကို မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရဘက်က ခန့်အပ်ထားတဲ့ တာဝန်ရှိသူတွေ၊ ပခုက္ကူနဲ့ မြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေက ထိန်းချုပ်ထားတာဖြစ်ပြီး လက်ရှိမှာ MOD တပ်တွေက ဝိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့နဲ့ NUG နဲ့ တွေ့ဆုံညှိနှိုင်းဖို့ ရှိပါတယ်” လို့ DVB ကို အတည်ပြု ပြောပါတယ်။
ဒေသအတွင်း တင်းမာမှုတွေ မြင့်တက်နေတဲ့အချိန်မှာ မြိုင်မြို့နယ် ကျေးရွာတချို့က ဒေသခံတွေ တိမ်းရှောင်နေကြပြီး တိုက်ပွဲဖြစ်ပွားလာနိုင်မဲ့ အခြေအနေကို စိုးရိမ်နေကြပါတယ်။
ဒီအခြေအနေတွေကြောင့် ပခုက္ကူခရိုင်အတွင်းရှိ PDF တပ်ရင်းတွေ၊ ဒေသခံတော်လှန်ရေး အင်အားစုတွေနဲ့ အရပ်ဘက်အဖွဲ့အစည်း ၂၁ ဖွဲ့ကလည်း နှစ်ဖက် အမြန်ဆုံး ညှိနှိုင်းအဖြေရှာဖို့ ပူးတွဲကြေညာချက် ထုတ်ပြန်ထားပါတယ်။








