
နျူကလီးယား ဓာတ်အားပေးစက်ရုံအတွက် အအေးပေးရေ ထောက်ပံ့ပေးတဲ့ ဒန်းညုမြစ်ရေ မျက်နှာပြင်က သမိုင်းဝင်တဲ့အထိ ကျဆင်းသွားသောကြောင့် ဟန်ဂေရီအစိုးရက ပါ့စ်နျူကလီးယား ဓာတ်အားပေးစက်ရုံကို နှစ်ငါးဆယ်နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် ရပ်တန့်ဖို့ ပြင်ဆင်နေတယ်လို့ ဟန်ဂေရီဝန်ကြီးချုပ် ပီတာ မက်ဂါက ပြောပါတယ်။
ဒန်းညုမြစ်ဟာ ဒေသခံတွေအတွက် နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတခုဖြစ်ပေမဲ့ ဒီနေ့ခေတ်မှာ လူအများအပြားက ရေပမာဏ ဘယ်လောက် ပျောက်ကွယ်သွားသလဲဆိုတာကို လာကြည့်နေကြရပါတယ်။
ပုံမှန်အားဖြင့် ရေအောက်မှာ မြုပ်နေတဲ့ မြစ်ရဲ့ အစိတ်အပိုင်းတွေဟာ ခုတော့ ကျယ်ပြန့်တဲ့ သဲသောင်ပြင်တွေအဖြစ် တမျှော်တခေါ် ပေါ်ထွက်နေပါတယ်။
ဒေသခံ အန်ဒရပ်ရှ် ကာတက်ဇ်က “ကျနော် ၁၉၇၅ ခုနှစ်မှာ မွေးဖွားခဲ့တာပါ။ ဒီလောက်ရေနည်းတဲ့ အခြေအနေကို တဘဝလုံးမှာ မမြင်ဖူးဘူး” လို့ ပြောပါတယ်။
ကျုံ့သွားတဲ့ ဒန်ညုမြစ်ဟာ ပုံမှန်အားဖြင့် ဟန်ဂေရီနိုင်ငံအတွက် လျှပ်စစ်ဓာတ်အားရဲ့ ထက်ဝက်နီးပါးကို ထုတ်လုပ်ပေးနေတဲ့ ပါ့စ်နျူကလီးယားဓာတ်အားပေးစက်ရုံအတွက် အအေးပေးရေကိုလည်း ကန့်သတ်ထားပါတယ်။
စက်ရုံက လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို လျှော့ချပြီးသွားပြီဖြစ်ပြီး မြစ်ရေဆက်ကျဆင်းနေရင် ဓာတ်ပေါင်းဖို လေးခုစလုံး ရပ်တန့်သွားနိုင်ပါတယ်။ လူအများစုအတွက် အကြီးမားဆုံးစိုးရိမ်ပူပန်မှုက လျှပ်စစ်ဓာတ်အားထက် ကျော်လွန်နေတာပါ။
ရေစီးဆင်းမှုတခုတည်းမဟုတ်ဘဲ ရေစီးဆင်းမှုနဲ့အတူ ဂေဟစနစ်ကိုပါ ထိခိုက်တယ်လို့ ခံစားရပါတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ဓာတ်အားလိုင်းပေါ်က ဖိအားတွေကို လျှော့ချဖို့ အစိုးရက အဓိကစက်မှုလုပ်ငန်းတွေကို လျှပ်စစ်ဓာတ်အားသုံးတာ လျှော့ချဖို့ တောင်းဆိုထားပါတယ်။
နိုင်ငံတော် အဖွဲ့အစည်းတွေက အလှဆင်မီးတွေကို ပိတ်နေကြပါတယ်။ ဝန်ကြီးချုပ်က ဟန်ဂေရီတဝန်း အလှည့်ကျ ဓာတ်အား ဖြတ်တောက်နိုင်ခြေနဲ့ ပတ်သက်ပြီး နိုင်ငံသားတွေကို သတိပေးခဲ့ပါတယ်။
ဒန်းညုမြစ်ရေ ပြန်မြင့်တက်လာတာနဲ့အမျှ ဓာတ်ပေါင်းဖိုတွေ ပြန်စလည်ပတ်နိုင်ဖို့ အရာရှိတွေက မျှော်လင့်ထားပေမဲ့ လာမယ့် သီတင်းပတ်တွေအတွင်း မဖြစ်နိုင်သေးဘူးလို့ သူတို့က ပြောခဲ့ပါတယ်။










