
ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်ထဲမှာ မြန်မာနိုင်ငံဘက်က ခိုးသွင်းလာတဲ့ ကာလတန် ကြေး ဘတ်ငွေ သန်း ၃၀ နီးပါး ရှိတဲ့ အိုက်စ်စိတ်ကြွမူးယစ်ဆေးဝါး ၃၀၀ ကီလိုဂရမ်ကို ဖမ်းမိခဲ့တဲ့အကြောင်း Thai PBS World သတင်းမှာ ဧပြီ ၂၈ ရက်က ဖော်ပြပါတယ်။
ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့ဟာ နခွန်ပထုန်ခရိုင်၊ ဆမ်ဖရန်ဒေသတွင်းမှာ ဗန်ကားတစီးကို တားဆီးစစ်ဆေးခဲ့ရာကနေ ကားအတွင်း အထူးပြုလုပ်ထားတဲ့ အကန့်တွေထဲ လျှို့ဝှက် သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး ကားပေါ်ပါလာတဲ့ တောင်ပေါ် တိုင်းရင်းသား ၃ ယောက် ကိုလည်း ဖမ်းဆီးစစ် ဆေးနေတယ်လို့ သိရပါတယ်။
ထိုင်းရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်ကြီး ဆမ်မ်ရန်နူရယ်လ်မာရဲ့ ပြောကြားချက်အရ အဆိုပါ မူးယစ်ဆေးဝါးဂိုဏ်းဟာ ထိုင်းနိုင်ငံမြောက်ပိုင်း၊ မြန်မာနဲ့ နယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်ဘက် ကနေ စတင်သယ်ဆောင်လာတာဖြစ်ပြီး သူတို့ဟာ ရဲတပ်ဖွဲ့ရဲ့ သံသယကို ရှောင်လွှဲဖို့အတွက် အလယ်ပိုင်းဒေသကို တိုက်ရိုက် မလာဘဲ အရှေ့မြောက်ပိုင်းက နောင်ခိုင်ခရိုင်ဘက်ကို အရင်ပတ် မောင်းခဲ့ကြတာလို့ ဆိုပါတယ်။
နောင်ခိုင်ကိုရောက်မှ နောက်ထပ်တဆင့် လမ်းကြောင်းပြန်လှည့်ပြီး သူတို့ရဲ့ ပန်းတိုင်ဖြစ်တဲ့ နခွန်ပထုန်ခရိုင်ထဲကို ဦးတည်မောင်းနှင်ခဲ့ကြတာဖြစ်ကာ အဆိုပါ မူးယစ်ဆေးဝါးတွေကို နခွန်ပထုန်မှာ ခေတ္တသိုလှောင်ပြီးမှ ဘန်ကောက်မြို့၊ ထွန်ဘူရီဘက်က ရပ်ကွက်တွေဆီ ဖြန့်ဖြူးဖို့ စီစဉ်ထားတာလို့ သိရပါတယ်။
ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့ဟာ ဒီဗန်ကားကို နခွန်ပထုန်၊ ဆမ်ဖရန်ဒေသတွင်းက အိမ်တလုံးကနေ ထွက်ခွာလာချိန်မှာတင် တားဆီးဖမ်းဆီးနိုင်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
အဆိုပါ မူးယစ်ဆေးဝါးဂိုဏ်းဟာ အခုတကြိမ်မတိုင်ခင်ကလည်း မြန်မာနယ်စပ် ကနေ နခွန်ပထုန် ခရိုင်ထဲကို အလားတူ မူးယစ်ဆေးဝါး အမြောက်အမြား တင်သွင်းတဲ့ ခရီးစဉ် ၂ ကြိမ်တိုင်တိုင် အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ဖူးတယ်လို့ ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
လက်ရှိမှာတော့ ကွင်းဆက်တွေကို ဖော်ထုတ်နိုင်ဖို့ ထိုင်းရဲတပ်ဖွဲ့က ဆက်လက်စုံ စမ်းနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Source: Thai PBS










