DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်မှ ယာယီသက်သေခံလက်မှတ် ကိုင်သူများအား ခရီးသွားလာခွင့် ကန့်သတ်
DVB
·
June 16, 2015
ရခိုင်ပြည်နယ်မှ ယာယီသက်သေခံလက်မှတ် ကိုင်သူများအား ခရီးသွားလာခွင့် ကန့်သတ်
Donate to DVB

ရခိုင်ပြည်နယ်ထဲက ယာယီသက်သေခံလက်မှတ် ကိုင်ထားသူတွေကို ခရီးသွားလာခွင့် တရားဝင် ကန့်သတ်ထားပြီး ဒါဟာ လူ့အခွင့်အရေးချိုးဖောက်တာ မဟုတ်ဘူးလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာန ဒု-၀န်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူတွေနဲ့ ပတ်သက်ပြီး ဇွန်လ ၁၅ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ ရခိုင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက မေးမြန်းခဲ့တာနဲ့ ပတ်သက်ပြီး အစိုးရတာဝန်ရှိသူက ပြောသွားတာပါ။

မြေပုံမဲဆန္ဒနယ်က ကိုယ်စားလှယ် ဦးဖေသန်းက ယာယီသက်သေခံ လက်မှတ်ကနေ ပန်းရောင် နိုင်ငံသားစိစစ်ရေးကတ် ပြောင်းလဲကိုင်ဆောင်သူတွေကို မြန်မာနိုင်ငံအတွင်း လွတ်လွတ်လပ်လပ် သွားလာခွင့် ရှိ၊ မရှိကို မေးမြန်းခဲ့ပါတယ်။

လက်ရှိမှာတော့ မြေပုံမြို့နယ်မှာ နိုင်ငံသားစိစစ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ပြီး ရသင့်တဲ့ နိုင်ငံသားဆိုင်ရာကတ်တွေ ထုတ်ပေးပြီးဖြစ်တဲ့အကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ် ရထားသူတွေအနေနဲ့ နိုင်ငံအတွင်းမှာ လွတ်လပ်စွာ သွားလာခွင့် ရပါတယ်လို့ လ၀က ဒု-၀န်ကြီးက ဖြေကြားပါတယ်။

ကျောက်ဖြူမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်ကလည်း “ရခိုင်ပြည်နယ်အတွင်း မြို့နယ်အချို့မှာ ရခိုင်လူမျိုးအချို့နဲ့ ဘင်္ဂါလီလူမျိုးအချို့ကို လ၀က ၀န်ကြီးဌာနမှ ယာယီသက်သေခံလက်မှတ် ထုတ်ပေးထားပါသည်။ အဆိုပါသူများကို နေရာဒေသတခုတွင် လှောင်ပိတ်ထားခြင်းမှာ ဥပဒေနှင့် မညီသည့်အပြင် လူ့အခွင့်အရေးများကို ချိုးဖောက်ထားသည်ဟု သုံးသပ်ရပါသည်။ ရခိုင်ပြည်နယ်တွင်းရှိ ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများကို ၎င်းတို့နေထိုင်လျက်ရှိသည့် ဒေသမှ အခြားနေရာများသို့ သွားလာခွင့် မပြုရန် မည်သည့်ဥပဒေအရ ကန့်သတ်တားမြစ်ထားပါသနည်း၊ အဘယ်ကြောင့် ထိုသို့ တားမြစ် ထားပါသနည်း။” လို့ မေးပါတယ်။

ဒါဟာ န၀တလက်ထက်က ညွှန်ကြားချက်ကို ကျင့်သုံးနေတာပါလို့ လ၀က ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

“၁၉၅၁ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေ ၁၃ (၁) ဂ အရ ရခိုင်ပြည်နယ် အပါအ၀င် မြန်မာနိုင်ငံ နယ်စပ်တလျှောက်မှာ နေထိုင်ပြီးတော့မှ တဘက်နိုင်ငံရှိ လူမျိုးစုများနဲ့ ရုပ်ရည်သွင်ပြင်၊ ဘာသာစကား၊ ဓလေ့ထုံးစံတူညီသည့် မျိုးနွယ်စုတူများအား မြန်မာနိုင်ငံသားဥပဒေအဖြစ် စိစစ်နိုင်ခြင်းမရှိသေးမီ ဥပဒေနဲ့အညီ တရားဝင် ကိုင်ဆောင်ခွင့်ပြုရန် ထုတ်ပေးခဲ့ခြင်းဖြစ်ပါတယ်။” လို့ သူက ပြောပါတယ်။

ဒီလူတွေအနေနဲ့ မြို့နယ်တွင်းမှာ လွတ်လပ်စွာ သွားလာနိုင်ပြီး ဘေးအန္တရာယ် ကင်းရှင်းစေဖို့နဲ့ နိုင်ငံတော်တည်ငြိမ်ရေးအတွက် တည်ဆဲဥပဒေအတိုင်း လိုက်နာ နေထိုင်စေတာပဲလို့လည်း ဒုတိယ၀န်ကြီးက ပြောပါတယ်။

မြန်မာတနိုင်ငံလုံးမှာ နိုင်ငံသားဆိုင်ရာ ဘယ်လက်မှတ်ကိုမှ မကိုင်ဖူးသူ ၁၁ သန်းကျော်ရှိတယ်လို့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013