DVB Logo
Home
မြန်မာသတင်း
တာဝန်ယူတာဝန်ခံမှုအပြည့်ဖြင့် လူထုအကျိုးဆောင်ရွက်ရန် လွှတ်တော်အမတ်များကို တိုက်တွန်း
DVB
·
November 16, 2016
တာဝန်ယူတာဝန်ခံမှုအပြည့်ဖြင့် လူထုအကျိုးဆောင်ရွက်ရန် လွှတ်တော်အမတ်များကို တိုက်တွန်း
Donate to DVB

ပြည်သူ့ကိုယ်စားလှယ်တွေပီပီ တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ ပြည်သူ့အကျိုး နိုင်ငံ့အကျိုးဆောင်ရွက်ဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။

အောက်တိုဘာလဆန်းကတည်းက ရပ်နားထားရာက ဒီကနေ့မနက် ပြန်လည်စတင်ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

“ဒီမိုကရေစီကျင့်စဉ်တွင်ပါတဲ့ ဥပဒေပြုရေး လုပ်ငန်းတာဝန်ထမ်းဆောင်ဖို့ ကျနော်တို့ကို ပြည်သူက ရွေးချယ်တာဝန်ပေးအပ်ထားခြင်း ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ပြည်သူ ပြည်သားတွေထံမှာသာ ဒီမိုကရေစီကိုပြဋ္ဌာန်းခွင့်၊ ကာကွယ်ခွင့်နှင့် ကျင့်သုံးပိုင်ခွင့်တွေ ရှိနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ ပြည်သူ့ကိုယ်စားလှယ်များပီပီ တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးကို ဖြူစင်သောစေတနာ မှန်ကန်သောစိတ်ထားတို့ဖြင့် လုံ့လဝီရိယစိုက်ထုတ်၍ ဖြည့်ဆည်းဆောင်ရွက်ကြပါစို့” လို့ ဦးဝင်းမြင့်က ပြောပါတယ်။

ဒါ့အပြင် ဥပဒေတွေ ရေးဆွဲပြဋ္ဌာန်းရာမှာလည်း ခိုင်မာတဲ့ဥပဒေတွေဖြစ်ဖို့ အရေးကြီးတယ်လို့လည်း ထည့်သွင်းပြောသွားပါတယ်။

“နိုင်ငံတော်မှာ တရားမျှတပြီး လွတ်လပ်ခြင်းနှင့် ညီမျှခြင်းဆိုတဲ့ လောကပါလတရားများ ထွန်းကားရေးအတွက် တရားဥပဒေများ အခိုင်အမာ ပြဋ္ဌာန်းနိုင်ကြဖို့ လိုအပ်ပါတယ်။ ခိုင်မာတဲ့ ဥပဒေတွေ ရေးဆွဲပြဋ္ဌာန်းနိုင်ဖို့အတွက် ပြည်သူကို ကိုယ်စားပြုတဲ့ ဥပဒေများဖြစ်ရန် အရေးကြီးပါတယ်။ ပြည်သူကိုကာကွယ်ပေးတဲ့ ဥပဒေများဖြစ်မှ ပြည်သူကလည်း ယုံကြည်အားကိုးပြီး လေးစားလိုက်နာကြမှာဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်လုပ်ငန်းစဉ်များအတိုင်း စနစ်တကျ ချင့်ချိန်စဉ်းစား ဝေဖန်သုံးသပ်ဆောင်ရွက်နိုင်ကြမှသာ Rule of Law ဆိုတဲ့ တရားဥပဒေစိုးမိုးရေး ရှိလာမှာဖြစ်ပါတယ်။”

တတိယပုံမှန်အစည်းအဝေး ကာလအတွင်းမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများရဲ့ ဖြည့်စွက်ခွင့်ပြုငွေစာရင်းနဲ့ ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းတို့အပြင် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေး အတည်ပြုကြရမယ့် ဥပဒေကြမ်း ၁၁ ခု ရှိနေပါတယ်။

အဆိုတွေအနေနဲ့ကတော့ အသင့်ဖြစ်ပြီးအဆို ၈ ခုရှိပြီး အစိုးရအဖွဲ့ရုံးသို့ ပေးပို့ထားဆဲ အဆို ၇ ခု ကျန်ရှိနေပါတယ်။

မေးခွန်းတွေအနေနဲ့ကတော့ ဒုတိယပုံမှန်အစည်းအဝေးမှ တတိယပုံမှန်အစည်းအဝေးကို ပြောင်းလဲထားသော ကြယ်ပွင့်ပြမေးခွန်း ၇၂ ခု အပါအဝင် အသစ်ဖြစ်ကြယ်ပွင့်ပြမေးခွန်း ၁၀၅ ခု ရှိပါတယ်။ အစိုးရအဖွဲ့သို့ ပေးပို့ထားဆဲ ကြယ်ပွင့်ပြမေးခွန်း ၆၃ ခုနှင့် ကြယ်ပွင့်မပြမေးခွန်း ၁၁၃ ခု ရှိတယ်လို့ သိရပါတယ်။

ဒီကနေ့ပြန်စတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေး အစီအစဉ်တွေထဲမှာ ကုန်ဈေးနှုန်းထိန်းချုပ်ရေး၊ ပြည်ပကတင်သွင်းတဲ့ အသင့်စား တရားမ၀င် လက်ဖက်ခြောက်ထုပ်တွေ အရေးကိစ္စတွေအပြင် နိုင်ငံသားတွေရဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်း အပါအ၀င် ဥပဒေကြမ်း ၃ ခု ဆွေးနွေးဖို့ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013