DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်သည့် ဥပဒေမူကြမ်းဆိုင်ရာ စာတမ်း လွှတ်တော်ထံတင်သွင်း
DVB
·
June 11, 2015
ဖွဲ့စည်းပုံပြင်ဆင်သည့် ဥပဒေမူကြမ်းဆိုင်ရာ စာတမ်း လွှတ်တော်ထံတင်သွင်း
1 / 2
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ် ၂၉၀ လောက် လက်မှတ်ထိုး ထောက်ခံထားတဲ့စာတမ်းကို ဇွန် ၁၀ နေ့က ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။

စာတမ်းကို ပြည်ခိုင်ဖြိုးပါတီ တွဲဘက်အတွင်းရေးမှူး ဦးသိန်းဇော်က ဖတ်ကြားတင်သွင်းခဲ့တာဖြစ်ပြီး ပြည်ခိုင်ဖြိုး၊ အန်အယ်လ်ဒီ အပါအ၀င် တခြားပါတီကိုယ်စားလှယ် ၂၈၉ ယောက်က လက်မှတ်ထိုး တင်သွင်းတာလို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောပါတယ်။

“အခြေခံဥပဒေပုဒ်မ ၄၃၆ (က) ပါ အခန်းများအနက်က အခန်း (၃) နိုင်ငံတော်သမ္မတ၊ ဒု-သမ္မတ ပြင်ဆင်ရန်ပုဒ်မ ၂ ခု၊ အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ ပြင်ဆင်ရန် ပုဒ်မ ၁ ခု၊ နောက် အခန်း (၁၂) က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းမှ ပြင်ဆင်ရန် ပုဒ်မ ၁ ခု၊ စုစုပေါင်း ပုဒ် ၄ ခုကို ပြင်ဆင်နိုင်ရန် ဆိုပြီးတော့ ဦးသိန်းဇော်က တင်ပါတယ်။”

ဒီလိုတင်သွင်းရာမှာ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ၂၃၃ ယောက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၃၈ ယောက်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၉ ယောက်၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီက ၃ ယောက်၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီက ၂ ယောက်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီက ၂ ယောက်၊ ရခိုင်က ၁ ယောက်၊ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီ ကချင်က ၁ ယောက် စုစုပေါင်း ၂၈၉ ယောက်က လက်မှတ်ရေးထိုး တင်ပြခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ရှိ ကိုယ်စားလှယ်ပေါင်း ၆၆၀ ကျော်အနက် ၂၉၀ လောက်က လက်မှတ်ရေးထိုး တင်ပြတာဖြစ်လို့ ကိုယ်စားလှယ် ၄၃ ဒသမ ၅၂ ရာခိုင်နှုန်းက ဖွဲ့စည်းပုံ ပြင်ဆင်လိုကြောင်း လက်မှတ်ထိုး တင်ပြတာဖြစ်ပြီး လက်မှတ်ထိုးထားတဲ့ ကိုယ်စားလှယ်စာရင်းကိုလည်း ပူးတွဲတင်ပြခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးစာတမ်းကို ဥပဒေကြမ်း ပူးပေါင်းကော်မတီထံ လွှဲပြောင်းပေးလိုက်ပြီး ဥပဒေကြမ်းကော်မတီက ဥပဒေတခု ထွက်လာအောင် ဆက်လက်လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ကော်မတီက ထွက်ပေါ်လာမယ့် ဥပဒေကြမ်းကို လွှတ်တော်ထံ ပြန်လည်တင်ပြပြီး ကိုယ်စားလှယ်တွေက ဆွေးနွေးကြဦးမှာလည်း ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ဖွဲ့စည်းပုံပါ ဘယ်ပုဒ်မတွေ ပြင်မယ်ဆိုတာ မသိသေးပေမယ့် ပြင်ဖို့တော့ ထောက်ခံပေးလိုက်တယ်လို့ ပြောပါတယ်။

“အခုထိ ဘယ်ဟာတွေကို ဘယ်လိုပြင်မယ်ဆိုတာ ကျနော်တို့ ဘာမှ မသိရသေးဘူး။ ကျနော်တို့ဆီမှာ ဇယားမရောက်သေးဘူး။ ဇယားလက်ခံ မပေးသေးဘူး။ အခုက အစီရင်ခံစာပဲ တင်သေးတယ်ဗျာ။ ဖွဲ့စည်းပုံအခြေခံဥပေဒတခုရဲ့ ဥပဒေကြမ်း တင်မယ်ဆိုရင် မူလပြဋ္ဌာန်းချက်က ဘာလဲ၊ ပြင်ဆင်ချင်တာက ဘာလဲ၊ ကျိုးကြောင်း ဖော်ပြချက်ကဘာလဲ၊ အဲ့ဒါတွေ ကျနော်တို့ တခုမှ မသိသေးဘူး။ ကျနော်တို့က ဖွဲ့စည်းပုံတခုလုံးပြင်မှာကို သဘောတူတယ်၊ ပြင်ဖို့ သဘောတူကြောင်း လက်မှတ်ထိုးတယ်။”

ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံပြင်နိုင်ပါ့မလားဆိုတော့ ပြင်ချင်ရင် ဒီလထဲတောင် အပြီးပြင်လို့ရကြောင်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၇ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်တွင်း ပြည်ခိုင်ဖြိုးပါတီ ဒု-ဥက္ကဋ္ဌ သူရဦးအေးမြင့်က ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ကော်မတီတရပ်ဖွဲ့ဖို့ တင်ပြခဲ့ပြီး လွှတ်တော်က ကော်မတီတရပ်ဖွဲ့ခဲ့ရာကအစ လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဖို့ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီကော်မတီက ဖွဲ့စည်းပုံပြင်ဆင်ဖို့ အကြံပြုချက်တွေ တောင်းခံခဲ့ရာမှာ နိုင်ငံရေးပါတီ၊ လူမှုအဖွဲ့အစည်းနဲ့ ပြည်သူတွေထံမှ အကြံပြုစာပေါင်း ၂၈၀၀၀ ကျော် ရရှိခဲ့ပြီး ဒီအကြံပြုချက်တွေနဲ့ အခုစာတမ်းကို ပြုစုခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်တွင်းက လုပ်ဆောင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဝေဖန်ပြောဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေချိန်မှာ ဖွဲ့စည်းပုံပြင်ဆင်သည့် ဥပဒေမူကြမ်းဆိုင်ရာ စာတမ်းကို ပြည်ထာင်စုလွှတ်တော်ထံ တင်သွင်းလာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013