ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ဝန်ကြီးချုပ်တာဝန်နဲ့ လေဘာပါတီခေါင်းဆောင် အဖြစ်ကနေ နုတ်ထွက်မယ်လို့ ဇွန် ၂၂ ရက်မှာ တရားဝင် ကြေညာလိုက်ပါတယ်။
ဒေါင်းနင်းလမ်း အိမ်နံပါတ် ၁၀၊ ဝန်ကြီးချုပ်အိမ်တော်ကနေ ကြေညာရာမှာ “ကျုပ်ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တိုင်းဟာ တိုင်းပြည်ချစ်စိတ်ကို ရှေ့တန်းတင်ခဲ့တာဖြစ်လို့ လေဘာပါတီခေါင်းဆောင် အဖြစ်ကနေ နုတ်ထွက်သွားမှာပါ” လို့ စတာမာက ပြောပါတယ်။
ပါတီခေါင်းဆောင်သစ်အတွက် ဇူလိုင် ၉ ရက်မှာ အမည်စာရင်း စတင်လက်ခံသွားမှာဖြစ်ပြီး လွှတ်တော်ပိတ်ရက်မတိုင်ခင် အပြီးသတ် ရွေးချယ်သွားမယ်လို့ သူကဆိုပါတယ်။
သူ့နေရာကို ဆက်ခံဖို့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အန်ဒီဘန်နမ်က ရေပန်းစားနေပြီး ပြိုင်ဘက်မရှိခဲ့ရင် ဇူလိုင်လလယ်လောက်မှာပဲ ဝန်ကြီးချုပ်ဖြစ်လာမှာပါ။
တကယ်လို့ ပါတီတွင်း ခေါင်းဆောင်ရွေးပွဲ လုပ်ရမယ် ဆိုရင်တော့ စက်တင်ဘာ ၁ ရက် လွှတ်တော်ပြန်မစခင် ဩဂုတ်လကုန်ပိုင်းမှာမှ ဝန်ကြီးချုပ်သစ် တက်လာမှာ ဖြစ်ပါတယ်။
အာဏာလွှဲပြောင်းမှု ချောမွေ့စေဖို့အတွက် အဲဒီအချိန်အထိ ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူသွားမယ်လို့ စတာမာက ကတိပြုထားပါတယ်။
ရွေးကောက်ပွဲမှာ အပြတ်အသတ်နိုင်ပြီး တက်လာတဲ့ စတာမာဟာ အခုလို တာဝန်ယူတာ ၂ နှစ် မပြည့်ခင်မှာပဲ ဆယ်စုနှစ်တခုအတွင်း ၆ ယောက်မြောက် နုတ်ထွက်ပေးရတဲ့ ဝန်ကြီးချုပ် ဖြစ်လာပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ဇွန် ၂၃ ရက်ဟာ ဗြိတိန် ဥရောပသမဂ္ဂကနေ ထွက်ခွာတဲ့ ၁၀ နှစ်ပြည့်ဖြစ်ပြီး အဲဒီနောက်ပိုင်း ဝန်ကြီးချုပ် ၅ ယောက် ဆက်တိုက်ဆိုသလို ရာထူးကနေ ဖယ်ရှားခံခဲ့ရတာပါ။
အခု နုတ်ထွက်မှုနဲ့ပတ်သက်ပြီး “ကီယာစတာမာဟာ ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ပါလိမ့်မယ်” လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က လူမှုကွန်ရက်မှာ ကြိုတင်ရေးသားခဲ့ပါတယ်။
စတာမာဟာ လူဝင်မှုကြီးကြပ်ရေးနဲ့ စွမ်းအင်အရေးတွေမှာ ဆိုးဆိုးရွားရွား ကျရှုံးခဲ့တယ်လို့ ထရမ့်ပ်က ဝေဖန်ခဲ့ပြီး ရေနံနဲ့ ဓာတ်ငွေ့တူးခွင့်လိုင်စင်သစ်တွေ ချမပေးတဲ့ မူဝါဒကို အဓိက ထောက်ပြခဲ့ပါတယ်။











