
မိုးရာသီကိုဖြစ်စေတဲ့ အနောက်တောင်မုတ်သုံလေဟာ စက်တင်ဘာ ၂၅ ရက်က မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေကနေ ဆုတ်ခွာခဲ့ပြီးဖြစ်တယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေကနေ ဆုတ်ခွာခဲ့ပြီး တပတ်ကျော်အကြာမှာ အလယ်ပိုင်းဒေသ တွေကနေပါ ဆုတ်ခွာတာဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်မှာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသကနေ အနောက်တောင်မုတ်သုံလေ စတင်ဆုတ်ခွာခဲ့တာပါ။
ဒီနှစ်မှာ မုတ်သုံလေဟာ မေ ၁၆ ရက်မှာ မြန်မာနိုင်ငံတောင်ပိုင်းဒေသ၊ ၂၃ ရက်မှာ မြစ်ဝကျွန်းပေါ် ဒေသ၊ ၂၈ ရက်မှာ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ဇွန် ၄ ရက်မှာ မြောက်ပိုင်းဒေသဆီကို ဝင်ရောက် ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကတော့ အောက်တိုဘာ ၁၆ ရက်မှာ အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံတဝန်းလုံးကနေ ဆုတ်ခွာခဲ့ပါတယ်။
စက်တင်ဘာ ၂၆ ရက်မှာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့ပိုင်းတို့မှာ နေရာကွက်ကျား၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ကယားနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကျဲကျဲ၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်း ထုတ်ပြန်ထားပါတယ်။
ပြီးတော့ ရန်ကုန်၊ ပဲခူးနဲ့ တနင်္သာရီတိုင်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်တယ်လို့ ဆိုပါတယ်။
နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်း၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ မိုးတိမ်တောင်တွေဖြစ်ထွန်းနေပြီး အဲဒီ မိုးတိမ်တောင်တွေ ရွေ့လျားရာတလျှောက်မှာ မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာစတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်နိုင်တယ်လို့ လည်း ထုတ်ပြန်ထားပါတယ်။










