
ဧရာဝတီတိုင်း၊ ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ ကြံခင်းမြို့နယ်၊ ပိုးစုကြီးကျေးရွာအနီးမှာ စစ်အာဏာရှင်တပ်က ဒေသခံအရပ်သား ၃ ယောက်ကို စက်သုံးဆီ တရားမဝင် သိုလှောင် ရောင်းချတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ပိုးစုကြီးကျေးရွာမှာ စားသောက်ကုန်နဲ့ စက်သုံးဆီ ရောင်းချတဲ့ အရပ်သားလုပ်ငန်းရှင် ၃ ယောက်ကို စစ်အာဏာရှင်တပ် အင်အား ၁၀ ယောက်လောက်က အောက်တိုဘာ ၂၄ ရက်မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဒေသခံအရပ်သားတယောက်က “ဒေသခံ ၃ ယောက်ကို စက်သုံးဆီ တရားမဝင် သိုလှောင်ရောင်းချတယ် ဆိုပြီး ဖမ်းဆီးသွားတာလို့ သိရတယ်။ ဘယ်နေရာကို ခေါ်ဆောင်သွားတယ် ဆိုတာတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
အဖမ်းခံရတဲ့ ဒေသခံ ၃ ယောက်ဟာ တရွာတည်းမှာ နေထိုင်သူတွေဖြစ်ပြီး ကိုထွန်းရွှေ၊ ကိုမြင့်ဆွေနဲ့ ဒေါ်သင်းသင်းတို့ ဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတယောက်က “တပ်က ဖမ်းသွားတာဆိုတော့ ဘယ်မှာဖမ်းထားတယ် ဆိုတာ ခန့်မှန်းရခက်တယ်။ အမျိုးသမီးတယောက်လည်း ပါတယ်ဆိုတာ ဟုတ်ပါတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်နဲ့ ရဲတွေဟာ ကြံခင်းမြို့နယ်အတွင်းမှာ စားသောက်ကုန်နဲ့ စက်သုံးဆီ ရောင်းချတဲ့ ဆိုင်တွေကို ညဘက်တွေမှာပါ လိုက်လံစစ်ဆေးပြီး ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပိုးစုကြီးကျေးရွာအနီးမှာ လယ်ယာသုံးဒီဇယ်ဆီ ဝယ်ယူပြီး ပြန်လာတဲ့ အရပ်သားတယောက်ကိုလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်က စက်သုံးဆီ တရားမဝင် ဝယ်ယူသုံးစွဲတယ်ဆိုပြီး စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့ပါတယ်။











