
စပိန်နိုင်ငံ၊ ပန်ပလိုနာမြို့ရှိ လမ်းကျဉ်းလေးတွေမှာ ကျင်းပတဲ့ ဆန်ဖာမင် နွားရိုင်းပြေးပွဲ စတုတ္ထနေ့ မှာ လူ ၉ ယောက် ဒဏ်ရာရခဲ့ပါတယ်။
နွားရိုင်းပြေးပွဲမှာ ဒဏ်ရာရခဲ့တဲ့ လူ ၉ ယောက်စလုံး ဆေးရုံမှာ ဆေးကုသမှု ခံနေတယ်လို့ ဒေသ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
ဒဏ်ရာရခဲ့တဲ့သူတချို့ဟာ လမ်းပေါ်ပြေးနေရင်း လဲကျရာကနေ တက်နင်းမိတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ဆန်ဖာမင် နွားရိုင်းပြေးပွဲဟာ စပိန်နိုင်ငံမှာ ထင်ရှားတဲ့ ပွဲတော်တခုဖြစ်ပြီး နှစ်စဉ် လူ ထောင်နဲ့ချီ ပါဝင် ဆင်နွှဲကြသလို လာရောက်ကြည့်ရှုသူတွေနဲ့ စည်ကားတဲ့ပွဲ ဖြစ်ပါတယ်။ ဒီနှစ် ဆန်ဖာမင်ပွဲကို ဇူလိုင် ၆ ရက်ကနေ ဇူလိုင် ၁၆ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။
အမေရိကန်စာရေးဆရာ ဟယ်မင်းဝေးက ၁၉၂၃ ခုနှစ်က စပိန်ကို အလည်အပတ်ရောက်ခဲ့ပြီး ၁၉၂၅ ခုနှစ်မှာ ထွက်ခဲ့တဲ့ The Sun Also Rises စာအုပ်မှာ ဆန်ဖာမင် နွားရိုင်းပြိုင်ပွဲအကြောင်း ဖော်ပြခဲ့ပြီးနောက်ပိုင်း ကမ္ဘာမှာ လူသိများလာတာ ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်တုန်းက ဒီပွဲတော်မှာ လူ ၁၅ ယောက် သေဆုံးခဲ့ဖူးပြီး ၁၉၂၅ ခုနှစ်နောက်ပိုင်း သေဆုံးမှု အများဆုံး ဖြစ်ပါတယ်။
နှစ်ပေါင်း ၁၅၀ ကျော် သက်တမ်းရှိတဲ့ ဆန်ဖာမင် နွားရိုင်းပြေးပွဲမှာ ပါဝင်ဆင်နွှဲသူတွေဟာ လဲကျရာကတဆင့် ဒဏ်ရာရမှုတွေရှိပြီး နှစ်စဉ် လူ ၂၀၀ ကနေ ၃၀၀ ကြား ဒဏ်ရာရလေ့ ရှိပါတယ်။
Source: Reuters










