
စပိန်ကြယ်ပွင့် လာမိန်း ယာမဲလ်က အီဂျစ်နဲ့ ခြေစမ်းပွဲမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးခွဲခြားမှုတွေကို “လက်ခံနိုင်စရာ မရှိဘူး” လို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
ပွဲစဉ်အတွင်း ပရိသတ်တချို့က အီဂျစ်အသင်းသားတွေရဲ့ ဘာသာရေးနဲ့ လူမျိုးရေးကို ရည်ရွယ်ပြီး ရိုင်းစိုင်းတဲ့ သံပြိုင်အော်ဟစ်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။
အသက် ၁၈ နှစ်အရွယ် ယာမဲလ်ဟာ ကိုယ်တိုင်လည်း အစ္စလာမ်ဘာသာဝင်တယောက် ဖြစ်တာ ကြောင့် “ဘာသာရေးကို ခုတုံးလုပ်ပြီး လှောင်ပြောင်တာဟာ အသိဉာဏ်နည်းပြီး လူမျိုးရေး ခွဲခြားတာပဲ” လို့ အင်စတာဂရမ်ကတဆင့် တုံ့ပြန်ခဲ့ပါတယ်။
စပိန်ရဲတပ်ဖွဲ့က ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေသလို စပိန်ဘောလုံးအဖွဲ့ချုပ်ကလည်း ဒီလို အပြုအမူမျိုးတွေကို ပြတ်ပြတ်သားသား ရှုတ်ချထားပါတယ်။










