DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်၌ ရေကြီးပြီး လယ်ဧကသောင်းချီ နစ်မြုပ်
DVB
·
July 9, 2026
ရခိုင်ပြည်နယ်၌ ရေကြီးပြီး လယ်ဧကသောင်းချီ နစ်မြုပ်
1 / 10
Photo: GEM၊ Ko Myint Tun
Donate to DVB

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်က ကျေးရွာတချို့မှာ ဇူလိုင်လ အစောပိုင်းကတည်းက မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာ ၅၀ ထက်မနည်းမှာ ရေကြီးနေပြီး လယ်ဧက သောင်းနဲ့ချီ နစ်မြုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်တော်နဲ့ မြောက်ဦးအစပ်ရှိ သရက်တပင်၊ ကျောက်တလုံး၊ မဟာမုနိ၊ စပါးဆိပ်၊ ညောင်းချောင်း၊ ကျောက်ကျပ်၊ စေတီတောင်၊ ရွာမပြင် စတဲ့ကျေးရွာ ၂၀ ကျော်မှာ ဇူလိုင် ၄ ရက် ကတည်းက ရေကြီးနေတာဖြစ်ပြီး ဇူလိုင် ၉ ရက်အထိ ရေကြီးနေဆဲဖြစ်တယ်လို့ သရက်တပင် ကျေးရွာသားတယောက်က ပြောပါတယ်။

“ရေကြီးနေတာ ၃ ရက် ၄ ရက် ရှိနေပြီ။ မိုးက မတန့်တန်း ရွာနေတော့ တချို့ရွာတွေဆို ရွာလုံးကျွတ် နစ်မြုပ်နေကြပြီ။ အခု မိသားစုတွေလည်း ဘေးကင်းရာ ကုန်းမြင့်ပိုင်းတွေကို ရွှေ့ပြောင်း နေကြတာတွေ ရှိတယ်။ လယ်မြေတွေလည်း အကုန်လုံး နစ်မြုပ်နေကြပြီ။ လက်ရှိအခြေအနေက စိုးရိမ်ရတဲ့ အခြေအနေ မဟုတ်သေးပေမဲ့ နောက်ထပ် မိုးရွာနေသေးမယ် ဆိုရင်တော့ စိုးရိမ်ရတဲ့ အဆင့် ရောက်လာနိုင်တယ်။”

ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်အစပ်ဒေသဟာ မြေနိမ့်ပိုင်းဒေသတခု ဖြစ်သလို တောင်ကျရေ စီးဆင်းမှုတွေကြောင့် နှစ်စဉ်နှစ်တိုင်း ရေနစ်မြုပ်လေ့ရှိတဲ့ ဒေသတခု ဖြစ်တယ်လို့လည်း ဒေသခံ တွေက ပြောကြပါတယ်။

လက်ရှိ ရေနစ်မြုပ်မှုတွေကြောင့် ကျောက်တလုံး၊ စပါးဆိပ်နဲ့ ညောင်းချောင်းကျေးရွာတို့က တချို့ မိသားစုတွေဟာ ဘေးကင်းတဲ့နေရာတွေနဲ့ ဆွေမျိုးတွေရဲ့ နေအိမ်တွေကို ကြိုတင်ရွှေ့ပြောင်း နေကြ ရပြီလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ရေကြီးမှုတွေကြောင့် ကျောက်တော်နဲ့ မြောက်ဦးကြားရှိ လယ်ဧက သောင်းနဲ့ချီပြီး ရေနစ်မြုပ်နေသလို ပျက်စီးဆုံးရှုံးမှုတွေလည်း ရှိနိုင်တယ်လို့ ကျောက်တော်မြို့နယ်က လယ်သမား တယောက်ဖြစ်တဲ့ ဦးသိန်းထွန်းက ပြောပါတယ်။

“လယ်တွေအကုန်လုံး နစ်မြုပ်နေပြီ။ မိုးက အဆက်မပြတ်ရွာနေတော့ ဟိုက တောင်ကျရေနဲ့ ရောသွားတော့ ရေက မဆင်းနိုင်တော့ဘဲ လယ်ကွင်းတွေ ရေမြုပ်နေကြတာ ၄ ရက်လောက်ရှိနေပြီ။ ရွာတွေလည်း မြုပ်နေကြပြီ။ လယ်တွေကျ အခု စပါးကြဲခါစဆိုတော့ အပင်တွေက ငယ်သေးတာ‌ ကြောင့် ပျက်စီးဆုံးရှုံးမှုတွေ များနိုင်တယ်။ ရေကျသွားပြီးမှ ပျက်စီးမှု ရှိ၊ မရှိ အတိအကျ ပြောနိုင်မယ်။”

၂၀၂၅ ခုနှစ်ကလည်း ကျောက်တော်နဲ့ မြောက်ဦးမြို့နယ် အစပ်ရှိ ကျေးရွာတွေမှာ ‌ရေကြီးမှုတွေ‌ ကြောင့် လယ်ဧက ထောင်နဲ့ချီ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်းမှာ ရေကြီးနေတာကြောင့် ချောင်းတလျှောက် ကျေးရွာ ၂၀ ကျော်မှာလည်း ရေကြီး၊ ရေမြုပ်မှုတွေ ရှိနေတယ်လို့ မင်းပြားဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဇူလိုင်လဆန်းကတည်းက နေ့စဉ်ရက်ဆက် မိုးသည်ထန်စွာ ရွာသွန်းနေတာဖြစ်ပြီး မိုးအဆက်မပြတ် ရွာသွန်းနေတာ ၇ ရက်နဲ့အထက်ကို ရှိလာနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းလာနိုင်တာကြောင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013