အီရန်နိုင်ငံရဲ့ အဓိပတိသစ် မို့ဂျ်တာဘာ ခါမေနီဟာ ဧပြီ ၁ ရက်မှာ ကျရောက်တဲ့ အစ္စလာမ္မစ် သမ္မတနိုင်ငံတော်နေ့ အထိမ်းအမှတ်အဖြစ် ထုတ်ပြန်တဲ့ စာတွေထဲမှာ အမေရိကန်နဲ့ အစ္စရေးတို့ကို “ရက်စက်ကြမ်းကြုတ်တဲ့ ရန်သူတွေ” အဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချလိုက်ပါတယ်။
တနေ့တည်းမှာပဲ သီးခြားထုတ်ပြန်တဲ့ စာထဲမှာ လက်ဘနွန်က ဟစ်ဇ်ဘိုလာအဖွဲ့ကို အီရန်အနေနဲ့ ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ ကတိပေးခဲ့ပါတယ်။
အမေရိကန်-အစ္စရေးနဲ့ အီရန် ပဋိပက္ခတွေက ၅ ပတ်မြောက်ထဲ ရောက်လာချိန်မှာတော့ အီရန်ရဲ့ အဓိပတိသစ် ခါမေနီက အဲဒီနှစ်နိုင်ငံဟာ “လူသားဆန်မှု၊ ကိုယ်ကျင့်တရားနဲ့ အသက်ခန္ဓာတွေအပေါ် ဘာတန်ဖိုးမှ မထားကြဘူး” လို့ စွပ်စွဲပြောဆိုပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်တဲ့ ပထမဆုံးနေ့မှာပဲ ရှာယျာ့ရေ တေးယယ်ဘာ စာသင်ကျောင်းကို ဗုံးကြဲခဲ့တာကြောင့် ကလေးတွေနဲ့ ဆရာ၊ ဆရာမတွေ အပါအဝင် လူပေါင်း ၁၇၅ ယောက်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ တီဟီရန်အစိုးရက ပြောကြားပြီး ခါမေနီကလည်း အဲဒီတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
ဒါ့အပြင် ခါမေနီက လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့ကို ချီးကျူးစကား ပြောကြားခဲ့ပြီး အီရန်အနေနဲ့ ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ ကတိပေးခဲ့ပါတယ်။
လက်ဘနွန်ဟာ ပြီးခဲ့တဲ့ မတ်လကတည်းက အီရန်ကို ထောက်ခံတဲ့အနေနဲ့ စစ်ပွဲထဲ ပါဝင်ပတ်သက်လာခဲ့တာဖြစ်ပြီး အစ္စရေးရဲ့ ထိုးစစ်တွေကြောင့် လူပေါင်း ၁,၂၀၀ ကျော် သေဆုံးကာ ၁ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ဟာ ၂၀၂၄ ခုနှစ်အတွင်း အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အထိနာသွားတဲ့ ဟစ်ဇ်ဘိုလာရဲ့ စစ်ရေးကွပ်ကဲမှု ယန္တရားကို အီရန်အရာရှိတွေနဲ့ ပြန်လည်ဖြည့်တင်းပြီး အသစ်ပြန်လည်ဖွဲ့စည်းပေးခဲ့ပါတယ်။
၁၉၈၂ ခုနှစ် ဟစ်ဇ်ဘိုလာအဖွဲ့ စတင်ပေါ်ပေါက်လာချိန်ကတည်းက အီရန်အစောင့်တပ်ဟာ နီးနီးကပ်ကပ် ပါဝင်ပတ်သက်နေခဲ့တာဖြစ်ပြီး အခုလက်ရှိ စစ်ပွဲစီမံချက်တွေကိုလည်း ကြိုတင်ပြင်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။
Source: Reuters











