
မရမ်းကုန်းမြို့နယ်၊ ၈ ရပ်ကွက် ကမ္ဘာအေးဘုရားလမ်းမကြီးအနီးက နေအိမ်တွေကို ကျူးကျော် ဆိုပြီး ဖျက်သိမ်းဖို့ ညွှန်ကြားထားတယ်လို့ အဲဒီရပ်ကွက်မှာ နေထိုင်သူတွေဆီက သိရပါတယ်။
ကမ္ဘာအေးစာတိုက်မှတ်တိုင်အနီး၊ ဝံဿရက္ခိတလမ်းထဲက အခိုင်အမာဆောက်ထားတဲ့ နေအိမ် တွေကို မေ ၂၃ ရက် မနက်ပိုင်းက ဖျက်သိမ်းဖယ်ရှားဖို့ မြို့နယ်တာဝန်ရှိသူတွေ ရောက်လာပြီး ဖိအားပေးခဲ့တာလို့ ဆိုပါတယ်။
မရမ်းကုန်းမြို့နယ်၊ ၈ ရပ်ကွက်မှာနေထိုင်သူတယောက်က “ဖျက်မိန့်ပါယူလာပြီး အိမ်တွေကို အပြီးဖျက် ရမယ်ပြောတယ်။ ဒီအိမ်တွေက ရှိနေတာတော့ကြာပြီ။ ရုတ်တရက်ကြီး ဖျက်ရမယ် ဆိုလို့ အကုန် စိတ်ဒုက္ခရောက်နေကြတယ်” လို့ ပြောပါတယ်။
နေထိုင်တဲ့နှစ်လည်း ကြာမြင့်နေပြီဖြစ်ပြီး အခိုင်အမာဆောက်ထားတဲ့ အုတ်ခံနေအိမ် ၁၀ လုံးနီးပါး ကို ဖျက်သိမ်းဖို့ ဖိအားပေးထားတာဖြစ်ပြီး အခုမှ ကျူးကျော်လို့ သတ်မှတ်လာတာလို့ ဆိုပါတယ်။
အဲဒီအိမ်တွေ ဖျက်ရမယ်ဆိုတာ ကြိုမသိရတဲ့အတွက် ရုတ်တရက်ဖျက်သိမ်းဖယ်ရှားဖို့ အဆင်သင့် ရှိမနေတာကြောင့် အခက်တွေ့ခဲ့ကြတယ်လို့ ဒီအခြေအနေကို သွားစောင့်ကြည့် ခဲ့သူတွေက ပြောပါတယ်။
အဲဒါကြောင့် ပစ္စည်းတွေသိမ်းဆည်းဖို့ အချိန်ထပ်တိုးတောင်းထားပေမဲ့ အမြန်ဆုံး သိမ်းဆည်း ဖယ်ရှားရမယ်လို့ပဲ ဖိအားပေးနေတယ်လို့ ပြောပါတယ်။
ရန်ကုန်မြို့မှာ စစ်အုပ်စုရဲ့အသွင်ပြောင်းအစိုးရဖွဲ့ပြီးနောက် ရက် ၁၀၀ စီမံချက်နဲ့ ကျူးကျော် ဆိုင်ခန်း၊ နေအိမ်တွေကို အရှိန်မြှင့်ရှင်းလင်း၊ ဖယ်ရှားလာတာဖြစ်ပါတယ်။










