
စစ်အာဏာရှင် အစိုးရက စက်သုံးဆီ၊ သဘာဝဓာတ်ငွေ့တင်သွင်းခွင့်နဲ့ ဓာတ်မြတ်ဩဇာ တင်သွင်းခွင့် တွေကို အခွန်ကင်းလွတ်ခွင့်ပေးထားပေမဲ့ သယ်ယူတဲ့ လမ်းမှာ စစ်တပ်ဂိတ်တွေကို လာဘ်ငွေပေး နေရတာကြောင့် တောင်သူတွေကတော့ ဈေးကြီးပေးပြီး ဝယ်သုံးနေရပါတယ်။
စစ်အာဏာရှင် အစိုးရလက်အောက်ခံ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက အရှေ့အလယ်ပိုင်း အခြေအနေကြောင့် ကမ္ဘာ့စက်သုံးဆီဈေးနဲ့ ဓာတ်မြတ်ဩဇာဈေးတွေ မြင့်တက်လာတဲ့အတွက် စက်သုံးဆီ၊ သဘာဝဓာတ်ငွေ့တင်သွင်းခွင့်နဲ့ ဓာတ်မြတ်ဩဇာတင်သွင်းခွင့်အပေါ်မှာ ပေးဆောင်ရတဲ့ ကြိုတင်ဝင်ငွေခွန် ကင်းလွတ်ခွင့်ကို ဇူလိုင် ၃၁ ရက်အထိ တိုးမြှင့်ခွင့်ပြုလိုက်တယ်လို့ နိုင်ငံပိုင် သတင်းစာတွေကနေ ကြေညာလိုက်ပါတယ်။
ဒီအတွက် စက်သုံးဆီ၊ သဘာဝဓာတ်ငွေ့တင်သွင်းခွင့်နဲ့ ဓာတ်မြတ်ဩဇာဈေးနှုန်းတွေ ကျဆင်း လာရမှာဖြစ်ပေမဲ့ စိုက်ပျိုးတောင်သူတွေကတော့ စိုက်ပျိုးရေးသွင်းအားစုတွေကို ဈေးကြီးပေး ဝယ်သုံးနေရသလို သယ်ယူစရိတ်တွေလည်း မြင့်တတ်နေတယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်အစိုးရရဲ့ ပဲခူးမြို့အတွက် စက်သုံးဆီရည်ညွှန်းဈေးကတော့ ဒီဇယ်တလီတာကို ၃၈၁၅ ကျပ် သတ်မှတ်ထားပေမဲ့ ရွှေကျင်မြို့နယ်မှာတော့ ပေါက်ဈေးကျပ် ၇,၀၀၀ ကျော်ရှိနေပြီး တောင်သူ တွေလက်ထဲ အရောက်ဆိုရင် စက်သုံးဆီတလီတာကို ကျပ် ၁၅,၀၀၀ ဝန်းကျင်အထိ ပေးဝယ် နေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စက်သုံးဆီသယ်ဖို့အတွက် စစ်အာဏာရှင်တပ်ရဲ့ ဂိတ်တွေကို ပိုက်ဆံ ပေးရတဲ့အတွက် တောင်သူတွေမှာ ကုန်ကျစရိတ်တွေပိုများရတယ်လို့ မဒေါက်မြို့က တောင်သူတယောက်က ပြောပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ဓာတ်မြေဩဇာနဲ့ စက်သုံးဆီဈေးတက်နေတဲ့အတွက် မဒေါက်မြို့က စိုက်ပျိုးတောင်သူတွေဟာ အရင်နှစ်တွေကစိုက်တဲ့ မိုးစပါးပမာဏရဲ့ ၃၀ ရာခိုင်နှုန်းဝန်းကျင်သာ စိုက်ပျိုးနိုင်တယ်လို့ တောင်သူတွေက ပြောပါတယ်။
ဒေသခံတောင်သူတယောက်က “နဂါးပုံး တပုံးဆိုရင် ကျပ် ၅,၀၀၀၊ တပေပါဆိုရင် ကျပ် ၂၅,၀၀၀ ၊ ၃၀,၀၀၀ ပေးရတယ်။ ဒီဘက်ကိုသယ်ရင် ဂိတ်တွေရှိတယ်လေ၊ သူတို့က ဂိတ်ကြေး သက်သက် ဆိုပြီး ပြန်ဖြတ်တယ်၊ မပေးဘူးပါဘူးဆိုရင် အဲ့ဒီလမ်းကြောင်းက သွားလို့မကောင်းတော့ဘူး နောက်တခါသွားရင် ငြိပြီ၊ သူတို့ဂိတ်က ဘာဘဲဖြတ်ဖြတ် အကုန်ပေးရတယ်၊ နောက်ပြီးတော့ ဆီကလည်း သူ့ရာသီချိန်မဟုတ်ဘဲနဲ့ ဆီလှောင်လိုက်ရင် ဘယ်ကိုထောက်ပံ့ဖို့ ဝယ်တာလဲတို့ ဖြစ်လာတယ်လေ၊ ပုလဲဆိုရင် ကျနော်တို့ဘက် အလုပ်နဲ့ အသုံးဝင်တာပေါ့နော်၊ အဲ့လိုဟာမျိုးဆိုရင် လုံးဝပေးမသယ်ဘူး။ ပုလဲတို့ဘာတို့ သယ်ဖို့ဆိုရင် ပုံမှန် ၁၀ လုံးလောက် သယ်ရမဲ့ အလုပ်မျိုးဆိုရင် တလုံးလောက် ကြည့်သယ်ပြီးတော့ ၅,၀၀၀ တန်တဲ့ နေရာကို ၁၀,၀၀၀ ပေးပေါ့ အဲ့လိုမျိုး ကိုယ့်ဟာကိုယ် နားလည်မှုလေးနဲ့ သယ်ရတာပေါ့”လို့ ပြောပါတယ်။
ရှမ်းပြည်နယ်မှာတော့ လက်ရှိရာသီမှာ စပါး၊ ပြောင်း၊ ဂျင်းနဲ့ ပဲပုတ်တွေစိုက်ပျိုးထားတဲ့ ကာလ ဖြစ်တဲ့အတွက် ယူရီးယား 46 ပုလဲမြေဩဇာကို အသုံးအများဆုံးကာာလဖြစ်တယ်လို့ မြေဩဇာ ရောင်းချသူတွေက ပြောပါတယ်။
အဲ့ဒီပုလဲမြေဩဇာဈေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဧပြီလအထိ ၄ လတာအတွင်း သတ်မှတ်ခဲ့တဲ့ ရည်ညွှန်းဈေးက ယူရီးယား မြေဩဇာ ၅၀ ကီလိုတအိတ်ကို ငွေကျပ် ၉၀,၀၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့ရာကနေ လက်ရှိအချိန်မှာတော့ ရည်ညွှန်းဈေး ကျပ် ၁၂၀,၀၀၀ အထိမြင့်တက်လာတာကို တွေ့ရ ပါတယ်။
ဒါပေမဲ့ တောင်သူတွေကတော့ သယ်ယူရတဲ့ ကုန်ကျစရိတ်ကြောင့် ကျပ် ၁ သိန်းခွဲ ဝန်းကျင်အထိ ဈေးကြီး ပေးဝယ်သုံးနေရတယ်လို့ ရှမ်းပြည်နယ်က ဓာတ်မြေဩဇာ ရောင်းချသူတယောက်က ပြောပြပါတယ်။
“တချို့တောင်သူကတော့ ဝယ်တော့မထည့်နိုင်ကြတော့ဘူးပေါ့ တချို့လည်း ပွဲရုံတွေဘာတွေကနေ ငွေတိုးပုံစံပေါ့၊ ဒါမှမဟုတ် သီးနှံပေါ်မှပေးပေါ့၊ သူတို့ပိုင်တဲ့ ပွဲရုံတွေကနေ တဆင့်ယူကြတာပေါ့၊ တချို့တောင်သူလည်း ဝယ်တော့ထည့်ကြတာပေါ့၊ ပြောင်းစပါးဆိုတော့ သိတဲ့အတိုင်းပေါ့ မထည့်ရင် လည်း သီးနှံ့ထွက်နှုန်းက လိုသလောက် မရဘူးပေါ့။”
စစ်အာဏာရှင် အစိုးရက သဘာဝဓာတ်ငွေ့တင်သွင်းခွင့်နဲ့ ဓာတ်မြတ်ဩဇာတင်သွင်းခွင့် အပေါ်မှာ အခွန်ကင်းလွတ်ခွင့်ပေးထားပေမဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေနဲ့ ကုန်ပစ္စည်း သယ်ယူတဲ့ လမ်းတလျှောက် စစ်တပ်ဂိတ်တွေမှာ ငွေကြေးတွေကောက်ခံမှုတွေကြောင့် တောင်သူတွေမှာ စိုက်ပျိုးရေးသွင်းအားစုတွေကို စစ်အာဏာရှင်အစိုးရ သတ်မှတ်ထားတဲ့ ဈေးထက် ဈေးကြီးပေး ဝယ်သုံးနေကြရဆဲဖြစ်ပါတယ်။
သီရိ










