
ဗီယက်နမ်နဲ့ တောင်ကိုရီးယားခေါင်းဆောင်တွေဟာ ဗီယက်နမ်မြို့တော် ဟနွိုင်းမှာ ကျင်းပတဲ့ အစည်းအဝေးထဲမှာ နျူကလီးယားစွမ်းအင်နဲ့ အဆင့်မြင့်နည်းပညာ နယ်ပယ်တို့မှာ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ဖို့ ဧပြီ ၂၂ ရက်က သဘောတူခဲ့ကြပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး မငြိမ်မသက်မှုတွေကြားမှာ ၂ နိုင်ငံဟာ ထောက်ပံ့ရေးကွင်းဆက်တွေ ခိုင်မာအောင် ကြိုးပမ်းနေကြတာပါ။
သြဂုတ်လနောက်ပိုင်းမှာ ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် အစည်းအဝေးမှာ ဗီယက်နမ် ထိပ်တန်း ခေါင်းဆောင် တိုလမ်နဲ့ တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်တို့ဟာ စွမ်းအင်၊ နည်းပညာနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအပါအဝင် စည်းနှောင်မှုမရှိတဲ့ စာရွက်စာတမ်း ၁၂ ခုကို ဟနွိုင်း မြို့တော်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
နျူကလီးယားဓာတ်အားပေးစက်ရုံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငွေကြေးထောက်ပံ့မှုအတွက် ပူးပေါင်း ဆောင်ရွက်မှု ဖြစ်နိုင်ခြေကို လေ့လာဖို့ မိတ်ဖက်တွေက သဘောတူခဲ့ကြပါတယ်။
အရှေ့တောင်အာရှရဲ့ အမြန်ဆုံး ကြီးထွားလာတဲ့ စီးပွားရေးနိုင်ငံ ဗီယက်နမ်ဟာ စက်မှုအခြေခံ တိုးချဲ့ လာတာနဲ့အမျှ ကြီးထွားလာတဲ့ စွမ်းအင်ဝယ်လိုအားကို ဖြည့်ဆည်းဖို့ တခါတရံ ရုန်းကန်ခဲ့ရတာပါ။
တောင်ကိုရီးယားက ဗီယက်နမ်မှာ အကြီးဆုံးရင်းနှီးမြှုပ်နှံသူဖြစ်ပြီး တောင်ကိုရီးယားရဲ့ နိုင်ငံစုံ ကုမ္ပဏီအမြောက်အမြားဟာ ဗီယက်နမ်နိုင်ငံထဲမှာ ထုတ်လုပ်ရေးလုပ်ငန်းကြီးတွေကို လုပ်ကိုင် နေပါတယ်။
အမေရိကန်ဆီ အများဆုံးတင်ပို့တဲ့ ဗီယက်နမ်ဟာ တရုတ်အီလက်ထရွန်းနစ် အစိတ်အပိုင်းတွေ အပေါ် မှီခိုမှုကို လျှော့ချဖို့ အမေရိကန်အစိုးရရဲ့ ဖိအားပေးမှုကို ခံနေရပါတယ်။
မကြာသေးမီလတွေအတွင်း အိမ်ဖြူတော်က အမေရိကန်ရဲ့ အခွန်ကောက်ခံမှုတွေကို ရှောင်ဖို့ တရုတ်ကုန်ပစ္စည်းတွေကို ဗီယက်နမ်ကနေတဆင့် ပို့ဆောင်နေခြင်း ရှိ၊ မရှိကို တိုးမြှင့် စစ်ဆေးခဲ့ပါတယ်။
Source: Reuters










