
နေပြည်တော်၊ ပျဉ်းမနားမြို့နယ်မှာ မီးလောင်မှုဖြစ်ပွားလို့ နေအိမ်လူ ၃ ယောက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၁၃ လုံးမီး လောင်ဆုံးရှုံးသွားတယ်လို့ မီးသတ်ဦးစီးဌာနနဲ့နီးစပ်သူ ဆီကသိရပါတယ်။
မေ ၆ ရက် ည ၁၀ နာရီ ၊ ၁၅ မိနစ်လောက်က ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာက ဒေါ်ယဥ်ယဥ်ကြည် နေအိမ်မှာ ဖုန်းအားသွင်းကြိုး အပူလွန်ကဲတာက စတင်မီးလောင်မှုဖြစ်ပွားခဲ့ပြီး တခြားနေအိမ်တွေကိုပါ ဆင့်ပွားမီးကူးစက်မှုကြောင့် နေအိမ် ၁၃ လုံးမီးလောင်ဆုံးရှုံးခဲ့ကာ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီးတယောက် မီးလောင်ဒဏ်ရာရခဲ့ပါတယ်။
မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူတယောက်က “အမျိုးသား ၂ ယောက်က ခြေထောက် ကွဲအက်ဒဏ်ရာရခဲ့တာ။ ဒဏ်ရာရတဲ့ယောက်က မီးသတ်တပ်ဖွဲ့ဝင်တွေပါ။ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေလို့ သိရပါတယ်။ အမျိုးသမီးက မီးလောင်မှု စဖြစ်တဲ့အိမ်ကပါ” လို့ပြောပါတယ်။
မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ပျဥ်းမနားမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး ဒဏ်ရာရတဲ့သူတွေဟာ ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုပါတယ်။
မီးလောင်မှုကို ပျဉ်းမနားမြို့နယ် အရန်နဲ့ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်တွေ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက စုပေါင်းကာ Level 1 အဆင့်နဲ့ ငြှိမ်းသတ်ခဲ့ကြပြီး ည ၁၀ နာရီ ၄၅ မိနစ်ကျော်လောက်မှာ မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။










