
မော်လဒိုက်ကျွန်းနိုင်ငံရှိ ရေအောက်ဂူတွေထဲမှာ ပျောက်ဆုံးသွားပြီးနောက် သေဆုံးနေတဲ့ အီတလီ ရေငုပ်သမား ၄ ယောက်ရဲ့ အလောင်းတွေကို ပြန်လည်တွေ့ရှိပြီး ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးနေတယ်လို့ မော်လဒိုက်သမ္မတရုံးရဲ့ ပြောရေး ဆိုခွင့်ရှိသူ မိုဟာမက်ဟူစိန် ရှယ်ရီးဖ်က မေ ၁၈ ရက်မှာ ပြောပါတယ်။
ကျွမ်းကျင်သူ အဖွဲ့တဖွဲ့က အလောင်းတွေကို ရှာတွေ့ခဲ့တယ်လို့ မော်လဒိုက်အရာရှိတွေနဲ့ DAN Europe ရေငုပ်သမားများကွန်ရက်က တနင်္လာနေ့မှာ ပြောပါတယ်။
၃ နာရီကြာ ရှာဖွေကယ်ဆယ်ရေးအတွင်း ဖင်လန်ရေငုပ်သမားများအဖွဲ့က ရေငုပ်သမားတွေရဲ့ အလောင်းတွေကို ပြန်ရှာဖို့ စီစဉ်ရေးလိုအပ်တဲ့ အချက်အလက်တွေကို စုဆောင်းခဲ့တယ်လို့ DAN Europe က ကြေညာချက်ထုတ်ပြန် ပြောပါတယ်။
အီတလီရေငုပ်သမားတွေဟာ မေ ၁၄ ရက်မှာ ဗာဗူးသန္တာကျွန်းခွေက ၁၆၅ ပေ အနက်ရှိတဲ့ ဂူတွေကို စူးစမ်းလေ့လာနေချိန်မှာ ပျောက်ဆုံးခဲ့တာပါ။ သေဆုံးသွားတဲ့ ရေငုပ်သမားတွေဟာ ရေမငုပ်မီ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ခဲ့တာ ရှိ၊ မရှိလည်း အာဏာပိုင်တွေက စုံစမ်းစစ်ဆေး နေပါတယ်။
ဖင်လန်ရေငုပ်သမားများအဖွဲ့ကတော့ မေ ၁၇ ရက်မှာ ရှာဖွေရေးအတွက် မော်လဒိုက်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။
Source:Reuters










