DVB Logo
Home
မြန်မာသတင်း
မင်းအောင်လှိုင်ကို ဂုဏ်ပြုပြီးနောက် TNLA နယ်မြေမှ CDM များ ရွှေ့ပြောင်းရန် ပြင်ဆင်
မြတ်သဇင်
·
May 10, 2026
Photo: DVB
Photo: DVB
Donate to DVB

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတလို့ခေါ်သလို သူ့ရဲ့ အစိုးရသစ်ကို ကြိုဆိုကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီးနောက်  TNLA နယ်မြေတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ CDM ကျန်းမာရေးနဲ့ ပညာရေးဝန်ထမ်းတချို့ဟာ အခြားဒေသတွေဆီ ရွှေ့ပြောင်းဖို့ ပြင်ဆင်နေကြပြီလို့ သိရပါတယ်။

အဲဒီလို ဂုဏ်ပြုခဲ့တဲ့အပေါ် တအာင်းအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ CDM အစုအဖွဲ့တွေက အပြင်းအထန် ကန့်ကွက်ခဲ့ကြတာပါ။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ CDM ဝန်ထမ်းတယောက်ကတော့ TNLA ကို ကန့်ကွက်ရှုတ်ချကြောင်း စာတွေ အသီးသီးထုတ်ပြန်ပြီးနောက်မှာ လက်ရှိဒေသမှာ ဆက်မနေချင်တော့တဲ့သူတွေကို NUG ဘက်က တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီး နေရာချထားရေးတွေ စီစဉ်ပေးနေတယ်လို့ ဆိုပါတယ်။ 

“ဒီဘက်ဒေသမှာ နေဖို့အတွက်ကို ဒီစာတွေ ထုတ်ပြီးတော့ ဒီဘက်ဒေသမှာနေဖို့ ခက်ခဲသွားပြီဆိုတော့ သူတွေကိုလည်း NUG ဘက်က လူကြီးတွေ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ချိတ်ဆက်ပြီးတော့ လိုအပ်တဲ့နေရာတွေကို ပို့ဆောင်ပေးတာမျိုး၊ ဘာကူရမလဲပေါ့၊ အခက်အခဲရှိလား၊ ဆက်နေဖြစ်လား၊ ဆက်နေဖြစ်တယ်ဆိုရင်လည်း ရတယ်၊ နေပါ၊ နေဖို့အဆင်မပြေတော့ဘူးဆိုရင် ဘယ်နေရာတွေကို နေရာချပေးရမလဲပေါ့၊ ဒါဟာ TNLA ရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို အနှောင့်အယှက်ပေးတဲ့ သဘောမျိုးမဟုတ်ဘဲ အဲဒီလိုမျိုး မိဘက သူများအိမ်မှာ နေနေရတဲ့ ကိုယ့်သားသမီးကို မိဘက ဘယ်နေရာကနေ ကူညီရမလဲဆိုတာမျိုးပေါ့”

TNLA အနေနဲ့ တရုတ်နိုင်ငံရဲ့ ဖိအားကြောင့် ဒီသဝဏ်လွှာကို မတတ်သာဘဲ ထုတ်ပြန်ခဲ့ရတာကို နားလည်ပေမဲ့ ဒီလိုစာမျိုး ထုတ်ပြန်ရတဲ့အထိ လိုအပ်ရဲ့လားဆိုတာကိုတော့ CDM ဝန်ထမ်းတွေဘက်က မေးခွန်းထုတ်တာတွေ ရှိနေပါတယ်။

တဖက်မှာလည်း လက်ရှိအချိန်အထိ မဟာမိတ်အဖြစ် ဆက်လက်တည်ရှိနေသလို လက်တွဲ လုပ်ဆောင်နေတဲ့ CDM ဝန်ထမ်းတွေလည်း ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ပါးပါးနပ်နပ်နဲ့ ပြန်လည်ထိန်းကျောင်းဖို့ လိုအပ်တယ်လို့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ကိုကျော်ကိုကိုက  အကြံပြုပါတယ်။

“ထိန်းကျောင်းတဲ့ နေရာမှာဆိုတာ ကျနော်တို့ သိရသလောက်ကတော့ နောက်ထပ် pressure နဲ့ compromise ပေါ့နော်။ pressure ပေးတယ်၊ ဖိအားပေးတယ်၊ တချို့ဆို နုတ်ထွက်မယ်ဆိုတဲ့ အသံတွေ ထွက်လာတာရှိတယ်။ ဒါဟာလည်း ဖိအား တစ်မျိုးပဲ။ အဲလို ဖိအားမျိုးကြောင့် TNLA မှမဟုတ် ဘယ်အဖွဲ့အစည်းမဆို ကိုယ့်ရဲ့ လုပ်ငန်းစဉ်တွေကို ပြန်သုံးသပ်ဖို့၊ ပြန်ညှိနှိုင်းဖို့ စဉ်းစားလာရမှာပဲ။ စဉ်းကို စဉ်းစားလာရမှာပဲ။ ဒါတခု။ နောက်တခုကကျတော့ ဖိအားသက်သက်နဲ့လည်း မပြီးသေးဘူး၊ ဝေဖန်တာ တခုတည်းနဲ့လည်း မပြီးသေးဘူး။ ဘာလုပ်ရမလဲဆိုတော့ ဘယ်လို ပြန်တည်ဆောက်ရမလဲ၊ ဘယ်လိုပြန်ပြီးတော့ ညှိနှိုင်းပြီးတော့ ဘယ်လိုလမ်းကြောင်းကို အသစ်ကိုပြန်ရွေးရမလဲဆိုတဲ့ ဟာမျိုးပေါ့နော်။ ဆွေးနွေးရမယ်၊ စကားပြောရမယ်၊ ညှိနှိုင်းရမယ်၊ အဲလိုလုပ်ကြည့်တဲ့ အခါမျိုးမှာရလာတဲ့ ရလဒ်အသစ်က နှစ်ဖက်စလုံးအတွက် ပိုကောင်းတဲ့ ရလဒ်လည်း ဖြစ်ချင်ဖြစ်သွားမယ်”

စစ်ခေါင်းဆောင်ကို ဂုဏ်ပြုခဲ့တဲ့အပေါ် တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက် (TCSN)၊ CDM အဖွဲ့ ၈ ဖွဲ့နဲ့ မကွေးဒေသ တော်လှန်ရေးအင်အားစုများကွန်ရက် စတဲ့ အဖွဲ့အစည်းပေါင်းများစွာက ကြေညာချက်တွေ အသီးသီးထုတ်ပြန်ပြီး ကန့်ကွက်ထားကြပါတယ်။

ဒါ့အပြင် ဆေးတက္ကသိုလ် (မန္တလေး) ကြားကာလ တက္ကသိုလ်ကောင်စီကလည်း TNLA နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းကြောင်း ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့ကတည်းက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013