
မာလီနိုင်ငံမြို့တော် ဘာမာကိုနဲ့ နိုင်ငံအတွင်းပိုင်းရှိ နေရာအတော်များများမှာ လက်နက်ကိုင် စစ်သွေးကြွတွေဟာ စနေနေ့မနက်ပိုင်းမှာ တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ မာလီစစ်တပ်က ပြောကြားပြီး အဖွဲ့အများအပြား ပါဝင်တဲ့ ညှိနှိုင်းစီစဉ်ထားတဲ့ တိုက်ခိုက်မှု ဆိုတာ သိသာတယ်လို့ ဆိုပါတယ်။
မနက် ၆ နာရီ မထိုးခင်လောက်မှာ မြို့တော် ဘာမာကို အပြင်ဘက်ရှိ ကာတီ စစ်ဌာနချုပ်အနီးမှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံ ၂ ချက်နဲ့အတူ သေနတ်ပစ်ခတ်သံတွေ အဆက်မပြတ်ထွက်ပေါ်ခဲ့ပြီး အဲဒီနားက လမ်းတွေကို စစ်တပ်က ပိတ်ဆို့ထားတယ်လို့ ရိုက်တာသတင်းထောက်က ပြောပါတယ်။
အလားတူ မတည်ငြိမ်မှုမျိုးတွေဟာ နိုင်ငံအလယ်ပိုင်းက ဆီဗာရေးမြို့၊ မြောက်ပိုင်းက ကီဒါမြို့နဲ့ ဂါအိုမြို့တွေမှာလည်း တချိန်တည်းလိုလို ဖြစ်ပွားခဲ့ပါတယ်။
ဆီဗရဲမြို့က မျက်မြင်သက်သေတယောက်က “နေရာတိုင်း သေနတ်သံတွေချည်းပဲ" လို့ ဆိုပါတယ်။
အမည်မသိ အကြမ်းဖက်အဖွဲ့တွေက မြို့တော်နဲ့ တခြားနေရာတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ပြည်သူတွေ တည်တည်ငြိမ်ငြိမ်နေကြဖို့ မာလီစစ်တပ်က ထုတ်ပြန်ထားပါတယ်။
အခု စနေနေ့တိုက်ခိုက်မှုမှာ ဒေသတွင်း အယ်လ်ကိုင်းဒါးအဖွဲ့ခွဲ JNIM လည်း ပါဝင်ပတ်သက်နေတယ်လို့ လုံခြုံရေးသတင်းရင်းမြစ် ၄ ခုက ပြောပါတယ်။
ဒါပေမဲ့ စစ်တပ်စခန်းတွေကို အမြဲတမ်းလိုလို တိုက်ခိုက်လေ့ရှိတဲ့ JNIM ဘက်ကဖြစ်စေ၊ IS အဖွဲ့ (ISSP) ဘက်ကဖြစ်စေ သူတို့လက်ချက်ပါလို့ တရားဝင် ထုတ်ပြန်ပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။
အစိုးရ ပြောရေးဆိုခွင့်ရှိသူနဲ့ မာလီစစ်တပ်ပြောရေးဆိုခွင့်ရှိသူတို့ကို ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်တောင်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။
မာလီနိုင်ငံဟာ အယ်လ်ကိုင်းဒါးနဲ့ IS အဖွဲ့ဝင် အနောက်အာဖရိက လက်နက်ကိုင်အဖွဲ့တွေကို ရင်ဆိုင်နေရသလို မြောက်ပိုင်းက တူအာရက်လူမျိုးစု ပုန်ကန်မှုတွေနဲ့လည်း ကာလရှည်ကြာ ရုန်းကန်နေရတာပါ။
မာလီစစ်တပ် ခေါင်းဆောင်တွေဟာ ၂၀၂၀ နဲ့ ၂၀၂၁ အာဏာသိမ်းမှုတွေအပြီးမှာ အာဏာရလာခဲ့ပြီး လုံခြုံရေး ပြန်ကောင်းအောင် လုပ်ပေးမယ်လို့ ကတိပေးခဲ့ပေမဲ့ လက်နက်ကိုင်အဖွဲ့တွေကတော့ စစ်တပ်နဲ့ အရပ်သားတွေကို မကြာခဏ တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။
Source: Reuters










