
မာလီနိုင်ငံမြောက်ပိုင်းက ဗျူဟာမြောက်အရေးပါတဲ့ ကီဒါလ်မြို့ကနေ ခွဲထွက်ရေး လက်နက်ကိုင် အဖွဲ့ တဖွဲ့ဖြစ်တဲ့ အာဇာဝဒ် လွတ်မြောက်ရေးတပ်ဦး (FLA) က အစီအစဉ်တကျ ဆုတ်ခွာခဲ့ပြီလို့ အောက်တိုဘာ ၆ ရက်မှာ ကြေညာပါတယ်။
ဒီမြို့ကို လွန်ခဲ့တဲ့ ၆ လလောက်က တနိုင်ငံလုံး အတိုင်းအတာနဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ချိန်က အယ်လ်ကိုင်းဒါးနဲ့ ချိတ်ဆက်ထားတဲ့ ဂျီဟတ်အဖွဲ့တွေနဲ့အတူ သိမ်းခဲ့ကြတာပါ။
ရုရှားတိုက်ခိုက်ရေးသမားတွေရဲ့ အကူအညီနဲ့ မာလီစစ်တပ်က လေကြောင်းကနေ တိုက်ခိုက် လာတာကြောင့် ကီဒါလ်မြို့ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရတာလို့ အာဇာဝဒ် လွတ်မြောက်ရေးတပ်ဦး (FLA) က ထုတ်ပြန်ချက်မှာ ပြောပါတယ်။
အင်္ဂါနေ့ အစောပိုင်းမှာ မာလီစစ်တပ်က ကီဒယ်ဒေသဘက်မှာ လေကြောင်းနဲ့ မြေပြင်ထိုးစစ်တွေကို အကြီးစား စတင်လုပ်ဆောင်နေပြီလို့ ထုတ်ပြန်ထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကို လွန်ခဲ့တဲ့ ၃ ရက်ကတည်းက စတင်နေပြီဖြစ်ကြောင်း FLA ခေါင်းဆောင်ပိုင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက အင်္ဂါနေ့မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မာလီတပ်ဖွဲ့တွေက မြို့နဲ့ ဘယ်လောက်အထိ နီးကပ်လာပြီလဲ၊ မြို့ကိုရော ချက်ချင်းပြန်ပြီး ထိန်းချုပ် နိုင်မလားဆိုတာကိုတော့ အင်္ဂါနေ့ အချိန်အထိ အတိအကျ မသိရသေးပါဘူး။
မာလီနိုင်ငံရဲ့ ခေါင်းဆောင်တွေဟာ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တွေမှာ စစ်အာဏာသိမ်းကာ အာဏာ ရလာခဲ့ကြပြီး လွန်ခဲ့တဲ့နှစ်တွေအတွင်း ရုရှားရဲ့ လုံခြုံရေးအကူအညီတွေကို အဓိက မှီခို အားထား ခဲ့ပါတယ်။
အစပိုင်းမှာ ဝဂ္ဂနာစစ်ရေးအုပ်စုဆီကနေ အကူအညီယူခဲ့ပြီး၊ ပြီးခဲ့တဲ့နှစ်ကစလို့ ဝဂ္ဂနာ တိုက်ခိုက်ရေးသမားဟောင်းတွေ အများစု ပါဝင်ဖွဲ့စည်းထားတဲ့ အာဖရိကတပ်ဖွဲ့ လုံခြုံရေးအုပ်စုဆီ ကနေ အကူအညီယူနေတာ ဖြစ်ပါတယ်။
မာလီတပ်ဖွဲ့တွေနဲ့ ဝဂ္ဂနာ တိုက်ခိုက်ရေးသမားတွေဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတုန်းက ကီဒါလ်မြို့ ကို သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ လက်နက်ကိုင်တွေလက်ထဲကနေ ပြန်လည်သိမ်းပိုက်နိုင် ခဲ့တာဟာ သူတို့ရဲ့ အထင်ရှားဆုံး အောင်မြင်မှုတခု ဖြစ်ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ဧပြီလအတွင်း တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုတွေမှာ မာလီနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးပါ သေဆုံးခဲ့ရပြီး အဲ့ဒီတိုက်ခိုက်မှုတွေအတွင်းမှာပဲ FLA နဲ့ ဒေသတွင်း အယ်လ်ကိုင်းဒါး လက်အောက်ခံ ဂျေနင် (JNIM) အဖွဲ့တို့က ကီဒါလ်မြို့ကို ပြန်သိမ်းပိုက် ခဲ့ကြပါတယ်။
ဒါ့အပြင် FLA အပါအဝင် လက်နက်ကိုင်တွေဟာ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၄ ရက် အစောပိုင်းမှာလည်း အစိုးရနဲ့ ရုရှားတိုက်ခိုက်ရေးသမားတွေ အခြေစိုက်ရာ မြောက်ပိုင်းမြို့တမြို့နဲ့ ဘာမာကိုမြို့ရဲ့ တောင်ဘက်က မြို့တမြို့ အပါအဝင် နေရာ ၅ နေရာမှာ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။
ဒါဟာ ကုန်းတွင်းပိတ် ဆာဟဲလ်နိုင်ငံရဲ့ ရပ်တည်ရေးခက်ခဲနေတဲ့ ခေါင်းဆောင်တွေအတွက် နောက်ဆုံးပေါ် လာတဲ့ ခြိမ်းခြောက်မှု တခု ဖြစ်ပါတယ်။
Source: Reuters











