
မာလီစစ်တပ်က သောကြာမနက်မှာ ဆောင်ရွက်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း စစ်သွေးကြွလို့ သံသယရှိသူတွေ အယောက် ၂၀၀ ကျော်ကို သေဆုံးခဲ့တယ်လို့ မာလီအစိုးရ ရုပ်သံကို ကိုးကားပြီး တရုတ်နဲ့ ဂမ်ဘီယာမီဒီယာတွေက မေ ၄ ရက်မှာ သတင်းထုတ်ပါတယ်။
အိမ်နီးချင်း နယ်စပ်ဒေသတွေကနေ မာလီနိုင်ငံထဲကို ဝင်လာတဲ့ လက်နက်ကိုင် စစ်သွေးကြွ ယာဉ်တန်းကြီးကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ ကြေညာချက်က ဆိုပါတယ်။
သူတို့ကို မာလီစစ်တပ်က ကြားဖြတ် ရှင်းလင်းချိန်မှာ သူတို့ဟာ နိုင်ငံအတွင်း နောက်ထပ် တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။
အယ်လ်ကိုင်းဒါတွေနဲ့ ခွဲထွက်ရေးသူပုန် တွာရက်ဂ်တွေနဲ့ ချိတ်ဆက်ထားတဲ့ စစ်သွေးကြွတွေက မာလီနိုင်ငံတဝန်းက စစ်တပ် အခြေစိုက်စခန်းတွေကို အရင်အပတ်က ညှိုနှိုင်းတိုက်ခိုက်ခဲ့လို့ ကာကွယ်ရေးဝန်ကြီးအပါအဝင် မာလီတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ပါတယ်။
ဒီအမှုမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိတဲ့ စစ်သားတွေကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေး နေတယ်လို့ မာလီ အာဏာပိုင်တွေက အစိုးရ ရုပ်သံကတဆင့် မေ ၁ ရက်မှာ ကြေညာချက်ထုတ် ပြန်ထားပါတယ်။
ဖြစ်နိုင်ခြေရှိတဲ့ ပူးပေါင်းကြံစည်သူများစာရင်းထဲမှာ တာဝန်ထမ်းဆောင်နေဆဲ စစ်သား ၃ ယောက်၊ အငြိမ်းစား စစ်သားတယောက်နဲ့ မြို့တော် ဘာမာကိုရဲ့ အပြင်ဘက် ၁၅ ကီလိုမီတာအကွာ ကာတီမြို့မှာ ရှိတဲ့ အဓိကစစ်စခန်းနားမှာ ထုတ်ပယ်ခံရပြီး တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ စစ်သားတယောက် ပါတယ်လို့ ဘာမာကို စစ်ခုံရုံးက ရှေ့နေရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ဧပြီ ၂၅ ရက် မနက်မှာစခဲ့တဲ့ တပြိုင်နက်တည်း တိုက်ခိုက်မှုတွေဟာ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တွေက အာဏာသိမ်းမှုတွေအပြီး အာဏာရလာတဲ့ စစ်အစိုးရရဲ့ အဓိကအချက်အချာကို ရည်မှန်းချက်အမျိုးမျိုးနဲ့ တိုက်ခိုက်ရေးသမားတွေက ဘယ်လိုတိုက်ခိုက်နိုင်ခဲ့သလဲ ဆိုတာကို ပြသခဲ့တာပါ။
ဒီတိုက်ပွဲမှာ မာလီကာကွယ်ရေးဝန်ကြီး သေဆုံးပြီး အစိုးရကို ထောက်ခံတဲ့ ရုရှားတပ်ဖွဲ့တွေကို မြောက်ပိုင်း ခီဒယ်လ်မြို့ကနေ မောင်းထုတ်နိုင်ခဲ့ပါတယ်။










