
စစ်အာဏာရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက "လမင်းစီမံချက်"နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ အိမ်ထောင်စုစာရင်းတွေကို လုပ်ဆောင်ရာမှာ ဝန်ထမ်းတွေကို အခကြေးငွေပေးရတယ်လို့ အွန်လိုင်းပေါ်မှာရေးသားရင် တည်ဆဲဥပဒေနဲ့ အရေးယူမယ်လို့ မေ ၁၈ ရက်က ထုတ်ပြန်လာပါတယ်။
လဝကရုံးက ဝန်ထမ်းတွေကို အခကြေးငွေပေးရကြောင်းရေးသားခဲ့တဲ့ ရွှေယမင်းဆိုတဲ့ လူမှုကွန်ရက်အကောင့်ကိုလည်း ပြီးခဲ့တဲ့ မေ ၄ ရက်က တည်ဆဲဥပဒေအရ အရေးယူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လဝကဌာနက ဝန်ထမ်းတွေ ဥပဒေဖောက်ဖျက်ရင် အထောက်အထားနဲ့ တိုင်ကြားနိုင်ပြီး အထောက်အထား မရှိဘဲ အွန်လိုင်းက ပြောဆိုရင် ပြတ်ပြတ်သားသား အရေးယူမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အခုလို ထုတ်ပြန်နေပေမဲ့ ပြည်သူတွေအနေနဲ့ မှတ်ပုံတင်နဲ့ သန်းခေါင်းစာရင်းတွေ ပြုလုပ်ရင် လဝက ရုံးတွေမှာ ငွေကြေးပေးရတာတွေဟာ ခေတ်အဆက်ဆက် ရှိနေတာဖြစ်ပြီး စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပိုမိုဆိုးရွားလာတယ်လို့လည်း မှတ်ပုံတင်လုပ်တဲ့ ပြည်သူတွေက ပြောဆိုကြပါတယ်။











