
ထိုင်းနိုင်ငံရဲ့ ဒီနှစ်ဆန်းပိုင်းက ရွေးချယ်ခန့်ထားလိုက်တဲ့ ဒေသန္တရအစိုးရရုံး ဝန်ထမ်းတွေမှာ တာဝန် ထမ်းဆောင်နိုင်ဖို့ လူတဦးလျှင် ဘတ်သိန်းနဲ့ချီ ပေးဆောင်ခဲ့ရပြီး ရာထူးနေရာပေါင်း ၆,၀၀၀ ကျော်အတွက် ဘတ်သန်းပေါင်း ထောင်နဲ့ချီ ဆုံးရှုံးမှုရှိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါ တယ်။
ဒီမတိုင်ခင်က ဝန်ထမ်းစာမေးပွဲ ဖြေဆိုခဲ့သူအချို့ဟာ မိမိကောင်းမွန်စွာဖြေဆိုနိုင်ပါလျက် မအောင် မြင်ခဲ့တာကြောင့် အဖြေလွှာ ပြန်တောင်းကြည့်ခဲ့တယ်၊ သက်ဆိုင်ရာက မပြနိုင်ခဲ့ဘူး၊ အချို့ ကလည်း ငွေပေးခဲ့ပေမဲ့ အရန်ဝန်ထမ်းအနေနဲ့သာ နေရာရခဲ့တယ်၊ ဒါကြောင့် ဖြစ်ရန်မှန် စုံစမ်း စစ်ဆေးပေးဖို့ ထိုင်းအမျိုးသား အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင် NACC ထံ တိုင်ကြားခဲ့တယ်လို့ NACC တွဲဘက်အတွင်းရေးမှူး နိုင်းဖတ်ထနဖုန်း ကျန်ဖစ်ဖူးလ်က ဇွန် ၂၃ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
အစိုးရဝန်ထမ်းစာမေးပွဲ အောင်လိုသူတွေဟာ ရာထူးနဲ့ နေရာကိုလိုက်ပြီး အနည်းဆုံး ဘတ် ၃၀၀,၀၀၀ မှ ၇၀၀,၀၀၀ ထိ ပေးရကြောင်း ခိုင်လုံသော အထောက်အထားတွေနဲ့အတူ တိုင်ကြားထားတာကြောင့် ဗဟိုအထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB)၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့ (PCCD) တို့နဲ့ပူးပေါင်းပြီး စုံစမ်းထောက်လှမ်းခဲ့တယ်၊ နွန်ထပူရီခရိုင် ဘန်ယိုင်မြို့ရှိ နေအိမ်တလုံးကို မသင်္ကာလို့ လူအဝင်အထွက် ၃ ရက်ခန့် စောင့်ကြည့်ပြီး ဇွန် ၂၂ ရက်က သွားရောက်စီးနင်းစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါနေအိမ်မှာ အစိုးရဝန်ထမ်းယူနီဖောင်းဝတ် ဝန်ထမ်း အပါအဝင် လူ ၁၀ ယောက်က ကွန်ပျူတာ ၁၈ လုံးနဲ့ ရုံးခန်းမှာလို အလုပ်လုပ်နေကြပါတယ်၊ တာဝန်ရှိသူတွေက မေးမြန်းရာမှာ ဝန်ထမ်း စာမေးပွဲအဖြေလွှာ ရမှတ်တွေ ပြန်ပြင်နေတာလို့ ပြန်ဖြေပါတယ်။
အဲဒီနေရာမှာ အဖြေလွှာပေါင်း ၉, ၀၀၀ ခန့် တွေ့ရှိပြီး ဒီနှစ် ဖေဖော်ဝါရီ ၁၅ ရက်က ဖြေဆိုခဲ့သူပေါင်း ၃,၀၀၀ ထဲက အဖြေလွှာ ၂,၀၀၀ ခန့် ပြင်ဆင်ခဲ့ပြီးဖြစ်တယ်။ ပြင်ဆင်သူတွေကတော့ သူတို့ဟာ အဆိုပါနေရာတဝိုက်က ရုံးဝန်ထမ်းတွေဖြစ်ပြီး အလုပ်ချိန်ပြင်ပ အပိုဝင်ငွေရဖို့ လာလုပ်တာ၊ သူတို့ အလုပ်က အမှတ်မမီတဲ့ အဖြေလွှာတွေကို မှန်တဲ့အဖြေပြန်ပြင်ပြီး ကုတ်နံပါတ်နဲ့ ကွန်ပျူတာစနစ်ထဲ ထည့်သွင်းပေးရတယ်လို့ ဆိုပါတယ်။
ဝန်ထမ်းစာမေးပွဲအောင်ဖို့ လူတဦးလျှင် အနည်းဆုံး ဘတ် ၃၀၀,၀၀၀ နဲ့ ၇၀၀,၀၀၀ ကြား ပေးရတာကြောင့် ဆုံးရှုံးငွေ ခန့်မှန်းခြေ ဘတ်သန်းပေါင်း ၄၅၀၀ ကျော်ရှိမယ်၊ ဒါ့အပြင် အစိုးရ ဌာနဆိုင်ရာလုပ်ငန်းတွေမှာ အရည်အချင်းမရှိသူတွေ ဝင်ရောက်တာဝန်ထမ်းဆောင်တာကြောင့် နိုင်ငံတော်အတွက်လည်း နစ်နာမှုတွေရှိတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတာဝန်ရှိသူက ပြောပါတယ်။
ဒီလုပ်ငန်းစဉ်မှာ ပါဝင်ပတ်သက်သူတွေ ဘယ်နှဦးရှိသလဲ ဆိုတာတော့ အထောက်အထားတွေ ဆက်လက်စစ်ဆေးပြီးမှ ပြောလို့ရမယ်၊ ရာထူးကြီးပိုင်းအရာရှိတွေ အပါအဝင် လူအတော်များများ ပါဝင်မယ်လို့တော့ ခန့်မှန်းတယ်၊ စာမေးပွဲအောင်ပြီး လုပ်ငန်းခွင်ထဲ ဝင်နေပြီဖြစ်သူတွေကိုလည်း ပြန်လည်ခေါ်ယူစစ်ဆေးရမယ်လို့ တာဝန်ရှိသူတွေက သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
လောလောဆယ် အဆိုပါနေအိမ်ပိုင်ရှင်ဖြစ်သူ ဒေသန္တရအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ထီရုတ် ဆူဖဝိဘွန်းဖွန် ဆိုသူမှာ ရာထူးမှ ရွှေ့ပြောင်းခံထားရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် နိုင်းအနုထင်း ချန်းဝီရကွန်းက ဒီလိုအရေးကြီးတဲ့ ကိစ္စကို ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အနေနဲ့ စည်းမျည်းစည်းကမ်းအတိုင်း ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းရမယ်၊ မဟုတ်ရင် သူကိုယ်တိုင် အကျပ်အတည်းနဲ့ ကြုံရမယ်လို့ သတိပေးပြောကြားပါတယ်။
ဒါ့အပြင် စုံစမ်းစစ်ဆေးရေးကော်မတီတရပ် ဖွဲ့ရမယ်။ သူ့အနေနဲ့ကတော့ နိုင်ငံရေးသမားဖြစ်လို့ ဝင်စွက်ဖက်မှာ မဟုတ်ဘူး၊ အရာအားလုံး ပွင့်လင်းမြင်သာ စစ်ဆေးနိုင်ရမယ်လို့ ဆိုပါတယ်။ ဝန်ကြီးချုပ်က “ကျနော့်ဆီကို ဘယ်သူမှလာပြီး ဒီရာထူးအတွက် ကူညီပေးပါလို့ မပြောခဲ့ဖူးပါဘူး။ ကျနော်လည်း ဘယ်သူ့ကိုမှ မကူညီခဲ့ဖူးဘူး။ ဒါပေမဲ့ ဒီလိုမျိုးတွေ ဘာလို့ ဖြစ်လာရတာလဲ။ သတင်းတွေကို ဖတ်ကြည့်မိရင်တောင် မူးလဲချင်စရာကောင်းတယ်။ တယောက်ကို ဘတ် ၃၅၀,၀၀၀ ကနေ ၇၀၀,၀၀၀ အထိ ပေးရတယ်တဲ့။ အလုပ်စဝင်စ လစာက ဘတ် ၁၅,၀၀၀ တောင် မပြည့်ဘူး၊ ဒါပေမဲ့ ရာထူးရဖို့ ဘတ် ၃၅၀,၀၀၀ အနည်းဆုံး ရင်းနှီးရမယ်ဆိုရင် ဒီနိုင်ငံ ဘယ်လိုလုပ် ဆက်ရပ်တည်နိုင်မှာလဲ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့အသုတ် ထိုင်းအစိုးရဝန်ထမ်းရာထူးစာမေးပွဲမှာ ရာထူးပေါင်း ၈၇ ခု လစ်လပ်နေရာ ၆,၆၆၉ ခု အတွက် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြေဆိုခဲ့သူပေါင်း ၁၀၀,၀၀၀ ကျော်ရှိတယ်၊ ဝန်ထမ်းရွေးချယ်စာမေးပွဲ အောင်မြင်ပြီး လုပ်ငန်းခွင်ဝင်နေသူပါ ပြန်လည်ခေါ်ယူစစ်ဆေးခံရမှာ ဖြစ်ပြီး လာဘ်ပေးလာဘ်ယူမှုမှာ ပါဝင်ပတ်သက်ကြောင်း တွေ့ရှိပါက လက်ရှိရာထူးမှ ထုတ်ပယ်ခံရပြီး အစိုးရဝန်ထမ်းစာမေးပွဲဖြေဆိုခွင့် ၁၀ နှစ် ပိတ်ပင်ခံရမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းအစိုးရဝန်ထမ်းတွေမှာ လစာအားဖြင့် များသည်လို့ မဆိုသာသော်လည်း ဂုဏ်ရှိခြင်း၊ ဝန်ထမ်းအိမ်ရာ၊ သက်သာချောင်ချိရေး၊ လူမှုဖူလှုံရေး၊ ကျန်းမာရေးခံစားခွင့်၊ ပင်စင်ထောက်ပံ့မှု စတဲ့ ပံ့ပိုးမှုကောင်းမွန်တာကြောင့် ဝင်ရောက်ဖြေဆိုသူတွေ မတန်တဆများလွန်းကာ မသမာမှုတွေပါ ရှိနေတာ ဖြစ်ပါတယ်။
Source - Khaosod / CH7 TV News / Amarin TV










