
ရှမ်းပြည်တော်လှန်ရေး နှစ်ပေါင်း ၆၈ နှစ်ကြာသည့်တိုင် မအောင်မြင်ဘဲ အဓွန့်ရှည် ကြာမြင့်နေ တာဟာ တချို့ခေါင်းဆောင် တချို့အဖွဲ့အစည်းတွေက ငွေနဲ့ အာဏာရှိလာရင် အတ္တမာန တွေရှိလာ ပြီး အချင်းချင်းပြန်လည် တိုက်ခိုက်တာကြောင့်ဖြစ်တယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။
မေ ၂၁ ရက်က ကျရောက်တဲ့ ၆၈ နှစ်မြောက် ရှမ်းပြည်တော်လှန်ရေးနေ့ အထိမ်း အမှတ် သဝဏ်လွှာမှာ တော်လှန်ရေးကာလအတွင်း တိုင်းပြည်အတွက် အသက်သွေးချွေး ပေးဆပ်ခဲ့ရတဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေကို ဂုဏ်ပြုပြီး တော်လှန်ရေးကြီး အဓွန့်ရှည်ရတဲ့ အားနည်း ချက်တွေပါ ထောက်ပြပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အဆိုပါအားနည်းချက်တွေမှာ တချို့ခေါင်းဆောင်၊ တချို့အဖွဲ့အစည်းတွေဟာ မျိုးချစ်စိတ်သာ ရှိပြီး တော်လှန်ရေးနည်းလမ်းမဖော်ဆောင်တတ်၊ ဗမာစစ်တပ်မုန်းတီးရေးတခုတည်း အခြေခံပြီး ဗမာတပ် အားလုံးတိုက်ဖျက်ဖို့ပဲသိတယ်၊ တော်လှန်ရေးသက်တမ်းရှည်ကြာပြီး ပြဿနာအမျိုးမျိုး ကြုံတဲ့ခါ မဖြေရှင်းတတ်၊ တော်လှန်ရေးအတွက် ငွေလိုလို့ ငွေရှာရင်း ငွေနဲ့ အာဏာရှိလာတော့ မာနထောင်လွှားပြီး တောထဲမှာ သခင်လိုမင်းမူတယ်၊ နယ်မြေအတွက် စီးပွါးရေးအတွက် အချင်းချင်း တိုက်ခိုက်ကြတာ၊ အမျိုးသားရေးထက် ကိုယ့်အဖွဲ့အရေးကိုသာ အဓိကထားတယ်၊ ကြာလာတော့ ဒေသစွဲ၊ ဂိုဏ်းအစွဲနဲ့ အချင်းချင်း တွေ့ဆုံဆွေးနွေးခြင်းမရှိဘဲ တိုက်ခိုက်တာဟာ တော်လှန်ရေး အဓွန့်ရှည်ကြာမြင့်စေတယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် မိမိတော်လှန်ရေးအဖွဲ့အများစုဟာ တော်လှန်ရေးမဟာဗျူဟာမရှိ၊ ဗမာတပ်မုန်းတီး ရေးအတွေးအခေါ်နဲ့ဘဲ တိုက်ပွဲဝင်လာတယ်၊ ရေရှည်ရည်မှန်းချက်မရှိဘူး၊ ဒါကြောင့် အခက်အခဲ တွေနဲ့ကြုံလာရင်၊ ရန်သူက နိုင်ငံရေး၊ စည်းရုံးရေး မက်လုံးပေးကစားတဲ့ခါ ရန်သူထံလက်နက်ချ သွားတာ၊ ပြည်သူ့စစ်အသွင်ပြောင်းပြီး ရန်သူ့အသုံးချခံဖြစ်သွားတာ၊ အချင်းချင်းကြား ရည်မှန်းချက် မတူညီတာ၊ စည်းလုံးညီညွတ်မှု မရှိတာတွေကြောင့်လည်း တော်လှန်ရေးအဓွန့်ရှည်နေတာလို့ ဆိုပါတယ်။
တော်လှန်ရေးကို လူထုနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ရေနဲ့ငါးလို အမှီပြုပြီး ပူးတွဲ တာဝန်ယူ ရမှာ ဖြစ်တယ်၊ ဒါပေမဲ့ ပြည်သူတချို့က တော်လှန်ရေးဆိုတာ လက်နက်ကိုင် တပ်ဖွဲ့နဲ့ပဲ သက်ဆိုင်တယ်ဆိုပြီး ဝင်ရောက်ကူညီဖို့ ပျက်ကွက်ခဲ့တယ်၊ တော်လှန်ရေးလုပ်သူ တချို့ကလည်း လူထုကို စော်ဘွားခေတ်ကလို သခင်နဲ့ကျွန်လို ပြုမူခဲ့တယ်၊ ဒါကြောင့်တော်လှန်ရေး အဓွန့်ရှည် ရတယ်။ တော်လှန်ရေးဆိုတာ ခက်ခဲတယ်၊ စွန့်လွှတ်စွန့်စားရတယ်၊ အသက်သွေးချွေးနဲ့ စတေး ရတယ်၊ ဒါပေမဲ့တိုင်းပြည်အနာဂတ် နှစ်ပေါင်းရာထောင်ချီကို မျှော်ကိုးပြီး တော်လှန်ရေးလုပ် နေရတာ ဖြစ်တယ်၊ တခြားနိုင်ငံက တော်လှန်ရေးအောင်ပွဲတွေဟာ ရည်မှန်းချက်၊ သန္နိဋ္ဌာန်သေချာ ချပြီး တတပ်တအားလုပ်ဆောင်ခဲ့လို့ အောင်ပွဲရခဲ့တာလို့ ဆိုပါတယ်။
ဒါကြောင့် ဘိုးဘွားအမွေ တိုင်းပြည်အတွက် စိတ်ဓာတ်ခိုင်မာရဲရင့်စွာနဲ့ ဆက်လက်တိုက်ပွဲဝင်ဖို့၊ အတိတ်က မှားယွင်းတဲ့အတွေးအခေါ် လုပ်နည်းလုပ်ဟန်တွေကို ပြင်ဆင်ပြီး သင်ခန်းစာယူဖို့၊ နိုင်ငံရေး၊ စစ်ရေး၊ မဟာဗျူဟာတွေကို လေ့လာကာ အချင်းချင်းစည်းလုံးညီညွတ်စွာ ကျရာတာဝန် ကို ကျေပွန်အောင်ထမ်းဆောင်ရင် မိမိတို့တော်လှန်ရေးဟာ တနေ့မှာ မုချမသွေ အောင်မြင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ်ရဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။
မေ ၂၁ မှာ ကျရောက်တဲ့ ၆၈ နှစ်မြောက် ရှမ်းပြည်တော်လှန်ရေးနေ့ အခမ်းအနားတွေကို ဌာနချုပ် လွိုင်တိုင်းလျန်းအပြင် လွိုင်ဆမ်ဆိပ်နဲ့ လွိုင်ကော်ဝမ်း စစ်ဒေသတွေမှာ ကျင်းပခဲ့ကာ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးခဲ့ရတဲ့ သူရဲကောင်းတွေကိုရည်စူးပြီး လွမ်းသူ့ပန်းခွေချတာ၊ ပန်း ဆီမီး ထွန်းညှိအလှူအတန်းပြုအမျှဝေပေးတာ၊ ဒုက္ခိတ စစ်သည်တွေကို ထောက်ပံ့ဂုဏ်ပြုတာ၊ ထူးချွန်သူတပ်ဖွဲ့ဝင်တွေကို ဆုတံဆိပ်အပ်နှင်းတာ စတဲ့အခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။
ရှမ်းပြည်နယ်ဟာ ဗြိတိသျှလက်အောက်မှ လွတ်မြောက်ဖို့ ပြည်မနဲ့ပူးပေါင်းပြီး လွန်ခဲ့တဲ့ ၁၉၄၈ က လွတ်လပ်ရေးယူခဲ့တယ်။ ဆယ်နှစ်ကြာက ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိတဲ့ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ တယ်၊ ဒါပေမယ့် နိုင်ငံရေးအခြေအနေရှုတ်ထွေး၊ တိုင်းရင်းသားအခွင့်အရေးတွေဆုံးရှုံးပြီး ဖိနှိပ်မှု တွေ ရှမ်းခေါင်းဆောင် စော်ဘွားတွေ ဖမ်းဆီးချုပ်နှောင်ခံရတာတွေကြောင့် စဝ်နွဲ့ ( ခေါ် ) စောယန္တ ဦးဆောင်တဲ့ မျိုးချစ်လူငယ် ၃၁ ဦးဟာ မြန်မာစစ်အစိုးရကို တော်လှန်ဖို့ လွန်ခဲ့တဲ့ ၁၉၅၈ ခုနှစ် မေ ၂၁ ရက်က ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်၊ မိုင်းဟန်ဒေသမှာ လက်မောင်းသွေးဖောက် သစ္စာဆိုပြီး လက်နက်ကိုင်ခဲ့ကြတယ်။ အဲဒီနေ့ကို အစွဲပြုပြီး နှစ်စဉ် မေလ ၂၁ ရက်ကို ရှမ်းပြည် တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။










