DVB Logo
Home
မြန်မာသတင်း
ဂျပန် “သေမင်းတမန်ရထားလမ်း” အကြမ်းဖက်မှု မှတ်တမ်းရုပ်ရှင် တရုတ်မီဒီယာ ထုတ်လွှင့်
DVB
·
May 4, 2026
ဂျပန် “သေမင်းတမန်ရထားလမ်း” အကြမ်းဖက်မှု မှတ်တမ်းရုပ်ရှင် တရုတ်မီဒီယာ ထုတ်လွှင့်
Donate to DVB

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်က အာရှလုပ်သားတွေနဲ့ မဟာမိတ်စစ်သုံ့ပန်းတွေကို အတင်းအဓမ္မ အလုပ်ခိုင်းကာ ၄၁၅ ကီလိုမီတာ ရှည်လျားတဲ့ ထိုင်း-မြန်မာ ရထားလမ်းတခု ဆောက်လုပ်ခဲ့တုန်းက အကြမ်းဖက်မှုတွေကို ဖော်ထုတ်ထားတဲ့ မှတ်တမ်းရုပ်ရှင် စီးရီးအသစ်တခုကို တရုတ်မီဒီယာက ထုတ်လွှင့်ပြသလိုက်ပါတယ်။

China Global Television Network (CGTN) က ထုတ်လုပ်တဲ့ “မမေ့နိုင်သော အမာရွတ်များ− ဂျပန်၏ စစ်အတွင်း ရက်စက်ကြမ်းကြုတ်မှုများကြောင့် ကြေမွခဲ့သော ဘဝများ” လို့ အဓိပ္ပာယ်ရတဲ့ “Unforgotten Scars: Lives Shattered by Japan's Wartime Atrocities” documentary series ကို “တိုကျိုစစ်ခုံရုံး” နှစ် ၈၀ ပြည့်နေ့မှာ ထုတ်လွှင့်ခဲ့တာပါ။ 

“တိုကျိုစစ်ခုံရုံး” ဆိုတာဟာ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်းကာလမှာ စစ်ရာဇဝတ်မှုတွေကို တရားဝင် စီရင်ခဲ့တဲ့ အရေးကြီးဆုံး ဖြစ်ရပ်တခုဖြစ်ပြီး ဂျပန်စစ်ခေါင်းဆောင်တွေကို စစ်ဆေးခဲ့တဲ့ အရေးကြီးတဲ့ သမိုင်းဖြစ်ရပ် နှစ် ၈၀ ပြည့်မြောက်တဲ့နေ့ဟာ မေ ၃ ရက်မှာပြည့်မြောက်ခဲ့တာပါ။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ဟာ အရှေ့တောင်အာရှဒေသကို တိုက်ခိုက်သိမ်းပိုက်ကာ သဘာဝ အရင်းအမြစ်တွေ ဖြစ်တဲ့ ဆီနဲ့ ရော်ဘာတွေကို ရယူဖို့ တောင်ပိုင်းချဲ့ထွင်ရေးမူဝါဒကို ချမှတ်ခဲ့ပါတယ်လို့ ဖော်ပြထားပါတယ်။

၁၉၄၂ ခုနှစ်မှာ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် ဂျပန်တပ်တွေက လူထုအပေါ် အကြမ်းဖက်မှုများစွာ ကျူးလွန်ခဲ့ပါတယ်။

၁၉၄၂ ခုနှစ် ဇွန်လမှာ ထိုင်း-မြန်မာ မီးရထားလမ်း ဆောက်လုပ်ရေးကို စတင်ခဲ့ပြီး မဟာမိတ်စစ်သုံ့ပန်း ၆၂,၀၀၀ လောက်နဲ့ အာရှလုပ်သား ၃၅၀,၀၀၀ ကျော်ကို အဓမ္မ ခေါ်ယူအသုံးပြုခဲ့ပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံသား ၁၈၀,၀၀၀ လောက် ပါဝင်ပါတယ်။ ပုံမှန်အားဖြင့် ၆ နှစ်ခန့် ကြာမြင့်မဲ့ စီမံကိန်းကို ၁၈ လအတွင်း အပြီးသတ်နိုင်အောင် အပြင်းအထန် ဆောက်လုပ်ခဲ့ကြရတာပါ။

အလုပ်လုပ်ကိုင်ရတဲ့ အခြေအနေတွေက အလွန်ဆိုးရွားပြီး အစာအာဟာရ မလုံလောက်တာ၊ ရောဂါတွေ ပျံ့နှံ့တာနဲ့ အလုပ်ခိုင်းမှု ပြင်းထန်တာတို့ကြောင့် စစ်သုံ့ပန်း ၁၂,၀၀၀ လောက်နဲ့ အာရှလုပ်သား ၁၃၀,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ 

အဲ့ဒီထဲမှာ မြန်မာနိုင်ငံသား ၄၀,၀၀၀ လောက် ပါဝင်ပြီး စုစုပေါင်း သေဆုံးသူ ၁၅၀,၀၀၀ နီးပါးရှိပါတယ်။ သေဆုံးမှုနှုန်း ၃၇ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ပြီး ရထားလမ်း ၃ မီတာတိုင်းမှာ လူတယောက် သေဆုံးခဲ့တဲ့အထိ ပြင်းထန်တာကြောင့် “သေမင်းတမန် ရထားလမ်း” လို့ ခေါ်ဆိုခဲ့ကြပါတယ်။

အဲဒီအဖြစ်အပျက်ကို မျက်မြင်တွေ့ကြုံခဲ့သူတွေထဲကတယောက်ဖြစ်တဲ့ ထိုင်းနိုင်ငံသား သောင်ဖရွန် သာရန်ဟာ အသက် ၉၉ နှစ်အရွယ် ၂၀၂၁ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ 

သူ မသေဆုံးခင် ပြောပြခဲ့တဲ့ သူ့ရဲ့ တွေ့အကြုံတွေဟာ မှတ်တမ်းဗွီဒီယိုတွေနဲ့ သူ့ရဲ့သား မှတ်ဉာဏ်တွေထဲမှာ ရှင်သန်နေဆဲ ဖြစ်ပါတယ်။

သောင်ဖရွန်နဲ့ တခြားလုပ်သားတွေကို လစာပေးမယ်လို့ ပြောဆိုခေါ်ဆောင် ခိုင်းစေခဲ့ပေမဲ့ အမှန်တကယ်မှာတော့ အစာရေစာ ငတ်မွတ်မှု၊ ရောဂါနဲ့ သေဆုံးမှုတွေ ပြည့်နှက်နေတဲ့ အခြေအနေတွေကို ကြုံတွေ့ခဲ့ရတာပါ။

သောင်ဖရွန်က “မနက်ကနေ ညအထိ ဆင်ပေါ်မှာ သစ်တုံးတွေ တင်ပြီး သယ်ပို့ရတယ်။ နေ့တိုင်း စစ်သုံ့ပန်းတွေကို တွေ့ရတယ်။ သူတို့တွေ မရပ်မနား အလုပ်လုပ်ကြရတယ်။ နောက်ဆုံး ရောဂါနဲ့ ငတ်မွတ်မှုကြောင့် သေဆုံးခဲ့ကြရတယ်။ မြေကြီးထဲမှာ စတုရန်းပုံ အပေါက်တခု ဖောက်ထားတာ ရှိတယ်။ သေသွားတဲ့ သူတွေကို အဲဒီထဲကို ပစ်ချထားကြတာ။ သေတဲ့သူတွေ အရမ်းများတယ်။ ကျနော် အရမ်းကို စိုးရိမ်ထိတ်လန့် ကြောက်ရွံခဲ့ရတယ်"လို့ သူ ကြုံတွေ့ခဲ့ရတာကို ပြန်ပြောပြပါတယ်။

သူဟာ ဘဝတလျှောက်လုံး ဆင်းရဲဒုက္ခတွေကို သူ့မိသားစုအတွက် နှုတ်ဆိတ်နေခဲ့ပါတယ်။ သားဖြစ်သူက သူတို့အိမ်အနီးမှာ တွင်းတူးတဲ့အခါ အတိတ်က ပြန်ပေါ်လာတယ်။ သူဟာ ဘဝတလျှောက်လုံး ဆင်းရဲဒုက္ခတွေကို သူ့မိသားစုအတွက် နှုတ်ဆိတ်နေခဲ့ပါတယ်။ 

သားဖြစ်သူ ဆွတ်ချလွန်ထယန်းက “ဆည်ဆောက်တော့ တွင်းတွေ တူးဖူးတယ်။ ဆည်တွေ စဆောက်တော့ နေရာတိုင်းမှာ အရိုးစုတွေ တွေ့ခဲ့တယ်။ ကျနော် ထင်တယ်၊ စုစုပေါင်း ဦးခေါင်းခွံ အလုံး ၃၀ လောက် တူးဖာ်တွေ့ရှိခဲ့တယ်။ ဘုရားကျောင်းကို အဲဒါတွေ ယူပို့ခဲ့လိုက်တယ်" လို့ ပြောပြပါတယ်။

ဒါ့အပြင် သမိုင်းပညာရှင်တွေက အာရှလုပ်သားတွေရဲ့ နာကျင်မှုတွေနဲ့ မှတ်တမ်းတွေကို ထိန်းချုပ်ခံခဲ့ရမှုတွေနဲ့ ဖျက်ဆီးခံရမှုတွေကြောင့် အများမသိရသေးတဲ့ အဖြစ်အပျက်တွေ များစွာ ကျန်ရှိနေသေးတယ်လို့ ပြောကြားခဲ့ကြပါတယ်။

ထိုင်း-မြန်မာ မီးရထားဌာနရဲ့ လည်ပတ်ရေး မန်နေဂျာ ကတ်ကျနာရုတ်ဒက်က "ဒီရထားလမ်းမှာ အလုပ်လုပ်ဖို့ အလုပ်သမား ၂ သိန်းလောက် ငှားရမ်းခဲ့ကြပြီး ရထားလမ်းဖောက်ချိန်မှာ အနည်းဆုံး အလုပ်သမား ၉၀,၀၀၀ လောက် သေဆုံးခဲ့တယ်လို့ ခန့်မှန်းရပါတယ်။ အလုပ်တွေကို ပြင်းပြင်းထန်ထန် လုပ်ရတဲ့သူတွေအတွက် ဂျပန်စစ်သားတွေက ဆေးကုသပေးတာနဲ့ ဆရာဝန် ခေါ်ဆောင်ပေးတာမျိုးတွေ ဘာမှ လုပ်မပေးခဲ့ပါဘူး။ အလုပ်သမားတွေ သေဆုံးသွားတဲ့အခါ သင်္ဂြိုဟ်ပေးတာမျိုးလည်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ အထောက်အထား စာရွက်စာတမ်းတွေအားလုံးကို ဂျပန်စစ်သားတွေက ထိန်းချုပ်ထားခဲ့ပြီး ဂျပန် စစ်ရှုံးချိန်မှာ ဖျက်ဆီးခဲ့တာကြောင့် အာရှ အလုပ်သမားတွေအကြောင်း သတင်းအချက်အလက် အနည်းငယ်သာ ရရှိထားခဲ့ပါတယ်” လို့ ပြောပါတယ်။

ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားနေစဉ် ဂျပန်တွေဟာ မြန်မာနိုင်ငံ မော်လမြိုင်နဲ့ ၃၅ မိုင်အကွာ သံဖြူဇရပ်ကနေ ထိုင်းနယ်စပ် ဘုရားသုံးဆူတောင်ကြားလမ်းကို ဖြတ်ကာ ကန်ချနပူရီကနေတဆင့် ဘန်ပေါင်းမှာရှိတဲ့ ဘန်ကောက်−စင်ကာပူ မီးရထားလမ်းနဲ့ ချိတ်ဆက်မဲ့ လမ်းပိုင်းကို ဖောက်လုပ်ခဲ့ကြတာပါ။ 

မော်လမြိုင်ကနေ ထိုင်းကိုဖြတ်ပြီး တောင်ပိုင်း အင်ဒိုချိုင်းနားရှိ မဲခေါင်မြစ်ကို ရထားနဲ့ ခုတ်မောင်းနိုင်ဖို့နဲ့ ကုန်ပစ္စည်းတွင်ကျယ်စွာ သယ်ယူပို့ဆောင်နိုင်ဖို့ ရည်ရွယ်ဖောက်လုပ်ခဲ့တာပါ။ 

ဒီရထားလမ်းပိုင်း ဖောက်လုပ်ရာမှာ ဩစတြီးယား၊ ဒတ်ချ်၊ ဗြိတိလျှနဲ့ အမေရိကန် စစ်သုံ့ပန်းတွေကို ဂျပန်တွေက ခေါ်ဆောင် ခိုင်းစေခဲ့တယ်လို့လည်း သမိုင်းတွေမှာ ရေးသားဖော်ပြထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013