
စစ်မှုထမ်းပြီးသူတွေထဲက ၈ ယောက်ကို အလုပ်အကိုင်ရရှိအောင် ချိတ်ဆက်ဆောင်ရွက် ပေးနိုင် ခဲ့တယ်လို့ စစ်အာဏာရှင်ရဲ့ စစ်မှုထမ်းများပြည်တွင်းအလုပ်အကိုင်ခန့်အပ်ပေးနိုင်ရေးကော်မတီ က ထုတ်ပြန်ပါတယ်။
စစ်မှုထမ်းပြီးသူတွေ အလုပ်အကိုင် ရရှိရေးအတွက် ပြည်တွင်းအလုပ်အကိုင်ခန့်အပ်ပေးနိုင်ရေး လုပ်ငန်းကော်မတီရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၆)အတွင်း ကော်မတီတာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့တာပါ။
စစ်မှုထမ်း ၂ နှစ်ပြည့်ပြီးတာ အပတ်စဉ် ၂ ခုပဲရှိသေးပြီး အဲဒီထဲက ဘယ်နှယောက် အိမ်ပြန် ရောက်လာလဲဆိုတာကိုတော့ အတိအကျထုတ်ပြန်ထားတာ မရှိပါဘူး။
အိမ်ပြန်ရောက်လာသူတွေထဲက နိုင်ငံ့ဝန်ထမ်းလုပ်လိုသူ ၃ ယောက်နဲ့ ပုဂ္ဂလိကအလုပ် လုပ်လိုသူ ၅ ယောက်တို့ကို အလုပ်ရရှိစေဖို့အတွက် ချိတ်ဆက်ပေးနိုင်ခဲ့တယ်လို့ပဲ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်က စတင်ခဲ့တဲ့ စစ်မှုထမ်းခေါ်ယူတာဟာ အခုဆိုရင် အပတ်စဉ် ၂၇ ကို ရောက်ရှိနေပြီ ဖြစ်ပြီး သင်တန်းဖွင့်ပွဲတွေကို လစဉ် လဆန်းတိုင်း တိုင်းစစ်ဌာနချုပ်အသီးသီးမှာ ပြုလုပ်လေ့ရှိ ပါတယ်။
ဒ့ါအပြင် သင်တန်းဖွင့်ပွဲတွေမှာ ဖော်ပြလေ့ရှိတဲ့ အင်တာဗျူးတိုင်းမှာ မိမိသဘောအလျောက် ဝင်လာသူတွေပဲ ရှိနေပြီး တကယ့်မြေပြင်မှာတော့ စစ်မှုထမ်းကိုရှောင်ရှားဖို့အတွက် လူငယ်လူရွယ်များစွာဟာ နည်းလမ်းပေါင်းစုံနဲ့ ရှောင်တိမ်းနေကြရတာဖြစ်ပါတယ်။










