
ယူဂန်ဒါနိုင်ငံရဲ့ အတိုက်အခံခေါင်းဆောင်တယောက်လည်းဖြစ်၊ မြို့တော် ကမ်ပါလာရဲ့ မြို့တော်ဝန်ဟောင်းလည်း ဖြစ်တဲ့ အီရီးယပ်စ်လူကွာဂိုကို ယူဂန်ဒါလုံခြုံရေးတပ်ဖွဲ့တွေက သူ့ရဲ့ နေအိမ်မှာ လာရောက် ဖမ်းဆီးသွားတယ်လို့ PFF ပါတီက ဇွန် ၁၅ ရက်က ပြောပါတယ်။
နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားရင်ဆိုင်နေရတဲ့ “လွတ်မြောက်ရေးပြည်သူ့တပ်ဦး” (PFF) ပါတီဥက္ကဋ္ဌ ကစ်ဇာဘယ်ဆီဂျီရဲ့ ရှေ့နေလည်းဖြစ်တဲ့ အီရီးယပ်စ် လူကွာဂိုကို သမ္မတ ယူဝေရီ မူဆေဗီနီရဲ့ သားဖြစ်သူ စစ်ဦးစီးချုပ် မူဟူဇီ ကိုင်းနာရူဂါဘာက လူမှုကွန်ရက်ပေါ်မှာ သူ့အသက်အန္တရာယ်ကို အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့လို့ တရားစွဲထားတာ ဖြစ်ပါတယ်။
လူကွာဂိုဟာ စစ်ဦးစီးချုပ်ဆီကို တရားရုံးဆင့်ခေါ်စာသွားပေးဖို့ ပြင်ဆင်နေတုန်းမှာပဲ ကိုင်းနာရူဂါဘာ ရဲ့ အမိန့်အတိုင်း စစ်သားတွေက သူ့ကို ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ လက်ရှိ အမေရိကန်မှာ ခိုလှုံနေရတဲ့ ယူဂန်ဒါရဲ့ အကြီးဆုံး အတိုက်အခံခေါင်းဆောင် ဘော့ဘီဝိုင်း က X မှာ ရေးပါတယ်။
“ကျနော်တို့ရဲ့ အမှုဆောင်ဥက္ကဋ္ဌ၊ ရှေ့နေ အီရီးယပ်စ် လူကွာဂိုကို အစိုးရလက်ပါးစေတွေက ပြန်ပေး ဆွဲပြီး ဘယ်နေရာမှန်းမသိတဲ့ နေရာတခုကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြည်သူလူထုကို အသိ ပေးအပ်ပါတယ်” လို့ PFF ပါတီရဲ့ ထုတ်ပြန်ချက်ထဲမှာ ရေးးပါတယ်။
ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ရိုက်တာသတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို၊ ယူဂန်ဒါစစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူတွေဘက်ကလည်း ရိုက်တာရဲ့ ဖုန်းခေါ်ဆိုမှုတွေကို တစုံတရာ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။
လူမှုကွန်ရက်ပေါ်မှာ ရန်စတဲ့စာတွေ အရေးများလို့ ယူဂန်ဒါပြည်သူတွေကြားထဲ နာမည်ကြီးတဲ့ ကိုင်းနာရူဂါဘာဟာ ပြီးခဲ့တဲ့ အငြင်းပွားဖွယ် သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီးနောက် နိုင်ငံကနေ ထွက်ပြေးခဲ့ရတဲ့ အကြီးဆုံး အတိုက်အခံပါတီ (အမျိုးသားညီညွတ်ရေးပလက်ဖောင်း) ရဲ့ ခေါင်းဆောင် ဘော့ဘီဝိုင်းကို သတ်ပစ်မယ်လို့လည်း ခဏခဏ ခြိမ်းခြောက်ခဲ့ဖူးသူပါ။
မနေ့တုန်းကတော့ ကိုင်းနာရူဂါဘာက သူ့ကို တရားရုံးစာရွက်စာတမ်းတွေ လာပေးဖို့ ကြိုးစားတဲ့သူ မှန်သမျှကို ဖမ်းဆီးမယ်လို့ X မှာ ကတိပြုခဲ့ပြီး "ငတုံးတကောင်ကို ဖမ်းမိလို့ မြေအောက်ခန်းထဲ ထည့်ထားလိုက်ပြီ" လို့ ရေးသားခဲ့ပါတယ်။
အဲဒီနောက် လက်နှစ်ဖက်ကို နားထင်မှာကပ်ကာ ကြောက်လန့် တုန်လှုပ်နေတဲ့ အီရီးယပ်စ် လူကွာဂိုနဲ့တူတဲ့ အမျိုးသားတယောက်ရဲ့ ဓာတ်ပုံနဲ့ “ရာဇဝတ်ကောင် လူကွာဂို” ကို သူပေးမဲ့ “နာကျင်မှုနဲ့ ဒုက္ခတွေအားလုံးအတွက် ဂုဏ်ယူတယ်”လို့ ရေးသားထားတဲ့ နောက်ထပ် ပို့စ်တစ်ခုကိုလည်း မျှဝေခဲ့ပါတယ်။
၂၀၂၅ ခုနှစ် မေလတုန်းကလည်း ကိုင်းနာရူဂါဘာဟာ ပျောက်ဆုံးနေတဲ့ အတိုက်အခံအရာရှိတယောက်ကို သူ့ရဲ့မြေအောက်ခန်းထဲမှာ ဖမ်းဆီးထားတယ်လို့ ပြောခဲ့ပြီး မျိုးပွားအင်္ဂါ ဖြတ်ပစ်မယ်လို့ပါ ခြိမ်းခြောက်ခဲ့ဖူးပါတယ်။
Photo:Reuters










