DVB Logo
Home
Lead Story
ကံနဲ့ ဉာဏ်ကို ကုန်းပေါ်တင်ပြီး ကစားရမယ့်နှစ်
DVB
·
July 4, 2026
ကံနဲ့ ဉာဏ်ကို ကုန်းပေါ်တင်ပြီး ကစားရမယ့်နှစ်
Donate to DVB

သူက community ထဲမှာ ကလေးတွေကို ချစ်ခင်ကြင်နာတတ်သူ၊ စိတ်ရှည်သည်းခံတတ်သူ၊ Energetic Young Active သွက်လက်ထက်မြက်တယ်၊ ကြိုးစားမှု အပြည့်ရှိသူ အဖြစ်လည်း ကောင်းကောင်းသိရှိ ထောက်ခံပါတယ်။

တောင်သူဦးကြီးတွေ ဒီနှစ်တော့ ရင်တုန်ပန်းတုန်နဲ့ စွန့်စားအလုပ်လုပ်ကြရတော့မဲ့နှစ် ဖြစ်ပါတယ်။ လယ်ကန်သင်းပေါ် ခြေချလိုက်တာနဲ့ တိုက်ခတ်လာတဲ့ လေပြေက အေးမြရမဲ့အစား ရင်ကို ထိတ်လန့်စေတဲ့ အပူလှိုင်းတွေပဲ သယ်ဆောင်လာသလိုမျိုး လယ်ထဲဆင်းရမဲ့ ခြေလှမ်းတိုင်းက စိုးရိမ်စိတ်တွေနဲ့ လေးလံနေကြရမဲ့သဘောမှာ ရှိတယ်။

အညာနွေရဲ့ ပြင်းရှရှနေပူရှိန်က မြေပြင်ကို ခြောက်သွေ့ကွဲအက်စေသလိုပဲ လယ်သမားတယောက်ရဲ့ ဦးနှောက်ထဲမှာလည်း ရာသီဥတုအခြေအနေနဲ့ သွင်းအားစုစရိတ်တွေကို တွေးပူရတဲ့ အတွေးပေါင်းစုံနဲ့ ပူလောင်နေရမှာ‌ သေချာပါတယ်။

ကောင်းကင်ကြီးကိုမော့ကြည့်ရင်း မိုးလေဝသကို စိုးရိမ်ရသလို မြေပြင်ကို ငုံ့ကြည့်ရင်းလည်း ကုန်ကျစရိတ်တွေအတွက် ရင်တမမ ဖြစ်နေရတာပါ။

ဒီနှစ်က သာမန် ရိုးရှင်းတဲ့ စိုက်ပျိုးရာသီမျိုး မဟုတ်ဘဲ သဘာဝတရားရဲ့ အလှည့်အပြောင်းတွေကြားမှာ မိမိတို့ရဲ့ ကံကြမ္မာနဲ့ ဦးနှောက်ဉာဏ်ရည်ကို အစွမ်းကုန် ယှဉ်ပြိုင်ပြီး တနှစ်စာဝမ်းစာကို လောင်းကြေးထပ်ရမဲ့နှစ်။ တကယ့်ကို “ကံနဲ့ ဉာဏ် ယှဉ်ပြိုင်ပြီး လုပ်ရတဲ့နှစ်” လို့ပဲ အပ်ကြောင်းထပ်အောင် ဆိုရမလားပဲ။

ဒီနှစ်က ဝါထပ်တဲ့နှစ်။ လူကြီးသူမတွေ အစဉ်အဆက် ပြောလေ့ရှိတဲ့ “ဝါထပ်ရင် ရေကြီးတတ်တယ်၊ မိုးသက်မုန်တိုင်း ထန်တတ်တယ်” ဆိုတဲ့ နိမိတ်စကားက နားထဲမှာ တဝဲလည်လည်နဲ့ ခြောက်လှန့်နေသလိုမျိုး။

မိုးက တကယ်ပဲ ရွာချင်တိုင်းရွာပြီး လယ်ကွင်းပြင်ကြီးတခုလုံးကို ရေပင်လယ်အဖြစ် ပြောင်းပစ်မလား၊ သဘာဝတရားကပဲ စိတ်ကောက်ပြီး တနွေလုံး ပြင်ဆင်ထားသမျှကို တညတည်းနဲ့ ဝါးမြို ဖျက်ဆီးသွားမလားဆိုတာ ဘယ်သူမှ ကြိုတင်ပုံဖော်လို့မရတဲ့ "ကံ" တရားရဲ့ ဆော့ကစားမှုသက်သက်ပဲ ဖြစ်ပါတယ်။

တကယ်လို့သာ ကံမကောင်းလို့ စပါးခင်း ရေမြုပ်ကုန်ရင်တော့ စိုက်ပျိုးထားသမျှ အရာအားလုံး သဲထဲရေသွန်ဖြစ်ပြီး ဘဝပါ နာလန်မထူနိုင်အောင် ဆုံးရှုံးရုံပဲ ရှိတော့တယ်။ ဒါပေမဲ့ ဒီလို ထိတ်လန့်စရာ အတွေးတွေကြားထဲကပဲ စိတ်ထဲမှာ တိုးတိုးဖျော့ဖျော့ လှုံ့ဆော်နေတဲ့ အသံတချက်က ရှိနေပြန်သေးတယ်။

"ဆုံးရှုံးမှုများတဲ့နှစ်၊ စပါးပျက်တဲ့နှစ်ဆိုရင် စပါးဈေးက ကောင်းကိုကောင်းတယ်" ဆိုတဲ့ နှစ်ပေါင်းများစွာ ကြုံခဲ့ရတဲ့ လယ်သမားတို့ရဲ့ အတွေ့အကြုံ ရှိပါတယ်။ ဒီတော့ ရင်ထဲမှာ ရေကြီးမှာကို ကြောက်တဲ့ စိုးရိမ်စိတ်နဲ့ ရင်ခုန်ရတဲ့ မျှော်လင့်ချက်က သံယောဇဉ်ကြိုးလို ဒွန်တွဲနေပါတယ်။

ရေလွှမ်းပြီး ပျက်စီးမဲ့အရေးကို ရင်တမမနဲ့ ကြောက်နေမိပေမဲ့ စပါးဈေးကောင်းလိမ့်မယ်ဆိုတဲ့ မက်လုံးကြီးက စွန့်စားချင်စိတ်ကို ရုန်းမရအောင် မီးမွှေးပေးနေပြန်ရော။

အကယ်၍များ အပေါ်မှာ တွေးပူနေတဲ့ ဘေးအန္တရာယ်တွေ ဘာမှမဖြစ်ခဲ့ရင် သဘာဝတရားက ညှာတာလို့ ကံကောင်းသွားခဲ့ရင်တော့ ဒီနှစ် စပါးဈေးက ရွှေဖြစ်မှာ အသေအချာပါပဲ။ ဒါပေမဲ့ ဒါက ရာသီဥတုဆိုတဲ့ ကံတရားတခုတည်းအပေါ်မှာပဲ ဘဝကို ပုံအပ်ထားရတဲ့၊ အရှုံးအနိုင် မရေရာတဲ့ လယ်ကန်သင်းပေါ်က လောင်းကစားပွဲကြီးတခုလို ဖြစ်နေပါတယ်။

ဝါထပ်တဲ့နှစ်ရဲ့ ရက်စက်မှုကို ကိုယ်တိုင်လည်း မျက်ဝါးထင်ထင် ကြုံဖူးခဲ့ပါတယ်။ မိုးက ရွာချင်တိုင်းရွာပြီး ချောင်းရေ၊ မြစ်ရေတွေ လျှံတက်လာချိန်မှာ ပြုစုပျိုးထောင်ထားတဲ့ စပါးခင်းစိမ်းစိမ်းလေးတွေဟာ ကြည့်နေရင်းတင် ရေအောက်ကို ငုပ်လျှိုး ကွယ်ပျောက်သွားခဲ့ရတယ်။

ကွင်းပြင်ကျယ်ကြီးတခုလုံး ရေပင်လယ်ပြင်ကြီး ဖြစ်သွားပြီး စပါးပင် အဖျားစိမ်းစိမ်းလေးတွေပဲ ရေပေါ်မှာ ယိမ်းထိုးပြီး အသက်ငင်သလို ပေါ်နေတော့တာ။ ရက်အတော်ကြာလို့ ရေပြန်ကျသွားတဲ့အချိန်မှာ မြင်ရတဲ့ မြင်ကွင်းက ရင်ကွဲမတတ်ပါပဲ။

မြေဆီလွှာမှာ အမြစ် သေချာမစွဲသေးတဲ့ စပါးပင်နုနုလေးတွေခမျာ ရေစီးကြောင်းထဲ မျောပါ ပုပ်သိုးပြီး အကုန် ပျက်စီးကုန်တော့တာ။

အဲဒီလို ပျက်စီးသွားတဲ့အခါ အားမလျှော့တမ်း ရေကျတာနဲ့ လယ်ထဲပြန်ဆင်းပြီး ဒုတိယအကြိမ် ပြန်စိုက်ကြတဲ့ တောင်သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဒါက မျိုးစပါးဖိုး၊ ထွန်ယက်ခဖိုး၊ လုပ်အားခဖိုးတွေနဲ့ နှစ်ခါပြန် ကုန်ကျစရိတ်ကြီးမားပြီး အကြွေးပတ်ချာလည်ဝိုင်းမဲ့ အရေးကို ရဲရဲကြီး စွန့်စားလိုက်ကြတာပါ။

တချို့တောင်သူဦးကြီးတွေခမျာ ပထမတခေါက် စိုက်ကတည်းက လက်ထဲရှိသမျှ အကုန်ပုံအောထားခဲ့ရလို့ နောက်တကြိမ် ပြန်စိုက်ဖို့ စရိတ်စက မတတ်နိုင်ကြတော့ပါဘူး။ အရင်းအနှီးလည်းပြတ်၊ အားကိုးရာလည်းမဲ့ပြီး ရေပြန်ကျသွားတာကို ငေးကြည့်ရင်း လယ်ကန်သင်းပေါ်မှာ ဒူးထောက်လက်မှိုင်ချ လမ်းပျောက်ရသူတွေ ရှိခဲ့ဖူးတာပေါ့။

ကံတရားကိုပဲ လက်မှိုင်ချ၊ ထိုင်ဆုတောင်းနေလို့ မရဘူး။ "ဉာဏ်" ဆိုတဲ့ လက်နက်ကို အိတ်သွန်ဖာမှောက် ထုတ်သုံးဖို့ အလှည့်ရောက်လာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်ရဲ့ သွင်းအားစု ကုန်ဈေးနှုန်းတွေက အရင်နှစ်တွေနဲ့မတူဘဲ အော်ဂလီဆန်အောင် ထိုးတက်နေလို့ပါပဲ။

အပင်အတွက် မရှိမဖြစ်တဲ့ မြေဆီဈေး၊ ပိုးသတ်ဆေးဈေးကနေ လယ်ထွန်စက်နဲ့ ရေစုပ်စက် အတွက် သုံးရမဲ့ ဒီဇယ်ဈေးတွေအထိ ကြည့်နေရင်းတင် မိုးပေါ်ပျံပြီး အထိန်းအကွပ်မရှိ တက်နေတာ။ လယ်ထဲ ခြေတလှမ်းချတိုင်း ငွေတွေက ရေလိုစီးထွက်နေတော့တာ။

ကုန်ကျစရိတ်တွေက ဒီလောက်အထိ ခေါင်ခိုက်နေတဲ့ ရာသီမျိုးမှာမှ ဉာဏ်နဲ့မတွေးဘဲ မချင့်ချိန်ဘဲ ဇွတ်မှိတ်ပြီး လျှောက်လုပ်နေရင်တော့ အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်ပြီး တရာသီအဆုံးမှာ ပိုပြီး ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ဖို့ပဲ ရှိတော့မှာပါ။

ဘယ်အရာကို ခြွေတာရမလဲ၊ ဘယ်နေရာမှာ ကုန်ကျစရိတ်တွေကို အထိရောက်ဆုံး လျှော့ချရမလဲ ဆိုတာ လယ်ကန်သင်းပေါ်မှာ တင်ပလ္လင်ခွေထိုင်ပြီး ခေါင်းချင်းရိုက် တွေးကြရတော့မှာ ဖြစ်ပါတယ်။

သွင်းအားစုစရိတ်တွေက ရွှေဖြစ်နေချိန်မှာ အရင်နှစ်တွေကလို လက်လွတ်စပယ် သုံးဖြုန်းနေလို့ မရတော့ပါဘူး။ ငွေတကျပ် စီးထွက်သွားတိုင်း လယ်သမားရဲ့ သွေးတစက် စိမ့်ထွက်သွားသလို ခံစားရတဲ့ ခေတ်မျိုးမို့လို့ စိုက်ပျိုးစရိတ် တွက်ခြေကို ပြန်လည်စစ်ဆေးပြီး အလေအလွင့် မရှိအောင် ဆန်ခါတင် စိစစ်ဖို့ လိုအပ်လာပါတယ်။

အပင်အတွက် တကယ်လိုအပ်တဲ့ မြေဆီကိုပဲ အချိန်ကိုက် ချိန်ဆကျွေးမလား၊ ဒါမှမဟုတ် ဈေးကြီးတဲ့ ဓာတ်မြေဩဇာနေရာမှာ ကိုယ်တိုင်စပ်တဲ့ သဘာဝမြေဩဇာကိုပဲ အချိုးကျ ရောစပ်သုံးမလား ဆိုတာ ဉာဏ်နဲ့ စနစ်တကျ စီမံခန့်ခွဲရတော့မှာပါ။

မြေဆီကျွေးတဲ့အခါမှာလည်း အပင်တပင်ရဲ့ လိုအပ်တဲ့အချိန်မှာမှ အချိန်ကိုက် ကွက်တိ တွက်ချက်ပြီး အစက်အပြောက်မလွဲစေဘဲ အကျိုးရှိရှိ အသုံးချတတ်ဖို့ ဉာဏ်ကို ထုတ်သုံးရပါမယ်။ ဒါမှသာ ကုန်ကျစရိတ် သက်သာပြီး အပင်လည်း သန်စွမ်းမဲ့ နည်းလမ်းကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ဒီနှစ် စပါးဈေးကောင်းမယ်ဆိုတဲ့ ကောလာဟလ သက်သက်နောက်ကို မျက်စိမှိတ် လိုက်သွားလို့ မရပြန်ပါဘူး။

စပါးဈေးက ကောင်းမယ်ဆိုတာ မှန်ပေမဲ့ လက်ရှိဈေးကွက်ထဲမှာ ဘယ်စပါးအမျိုးအစားက အလားအလာအရှိဆုံးလဲ၊ ဘယ်စပါးက ပိုအရောင်းသွက်ပြီး ဈေးအမြင့်ဆုံး ရနိုင်မလဲ ဆိုတာကိုလည်း ကိုယ့်ဉာဏ်၊ ကိုယ့်အမြင်နဲ့ပဲ ဈေးကွက်စီးကြောင်းကို စူးစမ်းလေ့လာရဦးမှာ ဖြစ်ပါတယ်။

စားသုံးသူကြိုက်တဲ့ စပါးချောလား၊ စက်ပိုင်တွေအဝယ်လိုက်တဲ့ စပါးကြမ်းလား၊ ဒါမှမဟုတ် ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်တဲ့ သက်တမ်းတို မျိုးစပါးလား ဆိုတာကို သေချာ ဝေဖန်ပိုင်းခြားရပါမယ်။

ဈေးကွက်ရဲ့ လိုအပ်ချက်ကို ဉာဏ်နဲ့ မမြော်မြင်ဘဲ စိတ်အလိုရှိရာ ဇွတ်မှိတ်စိုက်ပျိုးမိရင်တော့ တရာသီလုံး ပင်ပန်းသမျှ အရာမထင်ဘဲ ဈေးကွက်ရဲ့ အနောက်မြီးစွဲဘဝနဲ့ အရှုံးပြာပုံထဲမှာပဲ ကျန်ရစ်ခဲ့လိမ့်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘဲ။

ရေမြေခြားအရပ်ကနေ တဖက်ကမ်းမှာရှိတဲ့ မြန်မာ့ရေမြေကို လှမ်းကြည့်မိတယ်။ ရေခြားမြေခြားအရပ်က လယ်ကန်သင်းရိုးပေါ်မှာ တကိုယ်တည်းရပ်ရင်း မည်းမှောင်လာတဲ့ ကောင်းကင်ကြီးကို မော့ကြည့်မိတယ်။

လေရူးတွေနဲ့အတူ လိပ်တက်လာတဲ့ မိုးတိမ်ညိုတွေက ကွင်းပြင်ကျယ်ကြီးအပေါ်မှာ ဝဲပျံလို့။ ဒီမိုးတိမ်တွေက စပါးခင်းတွေအတွက် မင်္ဂလာမိုး အသွင်နဲ့ ရွာချမလား၊ ဒါမှမဟုတ် အရာအားလုံးကို ဖျက်ဆီးမဲ့ မိုးဆိုးမိုးညစ်အဖြစ် ဒေါသပုံချမလားဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရုံကလွဲလို့ ဘာမှမတတ်နိုင်ပါဘူး။

သဘာဝတရားရဲ့ လျှို့ဝှက်ချက်ဖြစ်တဲ့ "ကံတရား" က ဒီတခေါက် ကိုယ့်ဘက်မှာ ရှိမရှိဆိုတာ ဘယ်ဗေဒင်ဆရာမှ ကြိုမပြောနိုင်တဲ့ ပဟေဠိတခုပါ။

ဒါပေမဲ့ ရင်ထဲမှာ တခုတော့ သေချာရေရာစွာ သိလိုက်ရတယ်။ ကံတရားက ဘယ်လိုပဲ ရက်စက်တဲ့ ရာသီဥတုဆိုးတွေကို ပေးလာပါစေ အဲဒီဘေးအန္တရာယ်တွေကို ကြံ့ကြံ့ခံရင်ဆိုင်ဖို့၊ ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် အကာအကွယ်ပေးဖို့ လက်ထဲမှာ "ဉာဏ်" ဆိုတဲ့ တန်ဖိုးရှိတဲ့ လက်နက် အဆင်သင့် ရှိနေရပါမယ်။

ကံတရားက ဖန်တီးတဲ့ အခက်အခဲတွေကို ဉာဏ်နဲ့ပဲ အကွက်ချပြီး ဗျူဟာမြောက် တုံ့ပြန်ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ဒီနှစ်ဟာ ကံတရားရဲ့ အလှည့်အပြောင်းကိုလည်း ရင်ခုန်စွာနဲ့ စောင့်ကြို၊ ကိုယ့်ဦးနှောက်ဉာဏ်ရည်ရဲ့ တီထွင်ကြံဆမှုကိုလည်း ထုတ်သုံးပြီး နှစ်ခုစလုံးကို ကန်သင်းရိုးပေါ်မှာ ဟန်ချက်ညီညီ ယှဉ်ပြိုင်ကစားရမဲ့ ထူးခြားတဲ့နှစ်တနှစ်ပဲ ဖြစ်ပါတယ်။

ကံကိုချည်းပုံအပ်ရင် အူကြောင်ကြောင်နိုင်ရာကျသလို ဉာဏ်ကိုချည်းကိုးကွယ်ပြီး သဘာဝတရားကို စိန်ခေါ်ရင်လည်း မောက်မာရာကျတာမို့ ဒီနှစ်ခုလုံးကို မိတ်ဖက်ပြုပြီး အချိုးကျ ပေါင်းစပ်သွားရမှာပါ။

တကယ်လို့သာ သဘာဝဘေးအန္တရာယ်တွေကြားကနေ ကံကောင်းလို့ လွတ်မြောက်ခဲ့ရင် ဉာဏ်နဲ့ စနစ်တကျ တွက်ချက်စိုက်ပျိုးထားတဲ့ စပါးနှံတွေဟာ လယ်ကွင်းပြင်ကြီးထဲမှာ ရွှေဝါရောင်တောက်ပြီး ဝေဝေဆာဆာ သီးပွင့်လာမှာ အသေအချာပါပဲ။

အဲဒီအချိန်ကျရင် စပါးဒိုင်တွေမှာလည်း ကိုယ်ရွေးချယ်ခဲ့တဲ့ မျိုးစပါးတွေက ဈေးကောင်းကောင်းနဲ့ ဝင်ဆံ့နိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ရင်း လယ်သမားတယောက်ရဲ့ ဘဝနဲ့ရင်းတဲ့ ကံနဲ့ဉာဏ် လောင်းကြေးထပ်ပွဲကြီးကို သတ္တိအပြည့်နဲ့ ရဲရဲဝံ့ဝံ့ကြီး ဆက်နွှဲလိုက်ကြပါစို့လို့ တိုက်တွန်းရင်း။    ။

တာပလု

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013