DVB Logo
Home
Lead Story
“မင်းအောင်လှိုင်ဟာ အမျိုးသားအကျိုးစီးပွားကို ပုဂ္ဂိုလ်ရေးအရ ထိုးကျွေးခဲ့တာဖြစ်တယ်” - ဂျေဆန်တာဝါ
DVB
·
June 25, 2026
“မင်းအောင်လှိုင်ဟာ အမျိုးသားအကျိုးစီးပွားကို ပုဂ္ဂိုလ်ရေးအရ ထိုးကျွေးခဲ့တာဖြစ်တယ်” - ဂျေဆန်တာဝါ
Donate to DVB

မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ လတ်တလော တရုတ်နိုင်ငံကို သွားရောက်ပြီး သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး Global Initiative Against Transnational Organized Crime အဖွဲ့ရဲ့ အကြီးတန်းအရာရှိ၊ မြန်မာ-တရုတ်အရေး ကျွမ်းကျင်သူ ဂျေဆန်တာဝါကို DVB က ဆက်သွယ်မေးမြန်းထားပါတယ်။

(မေးမြန်းချက် အပြည့်အစုံ)

မေး - စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ တရုတ်ပြည်ခရီးစဉ်အပြီးမှာ ကုလသမဂ္ဂနဲ့ အာဆီယံမှာ မြန်မာနိုင်ငံ “အပြည့်အဝပါဝင်ခွင့်ရရေး” အတွက် တရုတ်က ကျောထောက်နောက်ခံပေးမယ်လို့ ပြောခဲ့ပါတယ်။ ဒါက ဘယ်လိုမျိုး ဖြစ်လာနိုင်မလဲဗျာ။ တကယ်ကော ဖြစ်နိုင်ခြေရှိရဲ့လား။

ဂျေဆန်တာဝါ - “ဒါဟာ တော်တော်လေး စိုးရိမ်စရာကောင်းတဲ့ အချက်တခုလို့ ကျနော် မြင်ပါတယ်။ အယောင်ဆောင်ရွေးကောက်ပွဲကနေတဆင့် သမ္မတရာထူးကို ရယူထားတဲ့ မင်းအောင်လှိုင်ကို နိုင်ငံတကာအသိုက်အဝန်းက လက်ခံအသိအမှတ်ပြုလာအောင် တရုတ်က ပိုပြီးတော့ အကဲဆတ်တဲ့ပုံစံနဲ့ တွန်းအားပေးလာနေတာပါ။ မင်းအောင်လှိုင်ရဲ့ နိုင်ငံတော်အဆင့် ခရီးစဉ်အတွင်း တရုတ်က ဧည့်ခံကြိုဆိုခဲ့တဲ့ ပုံစံကိုကြည့်ရင် အဖြေက ရှင်းပါတယ်။

မင်းအောင်လှိုင်က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) စစ်ကြောင်းကို စစ်ဆေးတာ၊ မင်းအောင်လှိုင်ကို တရုတ်ရဲ့ ထိပ်တန်းနည်းပညာတွေကို လိုက်လံပြသတာတွေအပြင် နိုင်ငံရေး၊ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးတွေ ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်မဲ့အကြောင်း ထုတ်ပြန်ချက်တွေဟာ ဘေဂျင်းရဲ့ ရည်ရွယ်ချက်ကို အထင်အရှား ပြသနေပါတယ်။

တရုတ်ဟာ အာဆီယံကို ဘုံသဘောတူညီချက် ၅ ချက်ကနေ သွေဖည်သွားစေချင်ပုံရပါတယ်။ မြန်မာစစ်ကောင်စီနဲ့ နိုင်ငံရေးမပါတဲ့ ထိတွေ့ဆက်ဆံမှုမျိုးပဲ လုပ်နေရာကနေ နိုင်ငံရေးအရ ထိတွေ့ဆက်ဆံမှုဆီ ကူးပြောင်းသွားဖို့၊ တနည်းအားဖြင့် ပြောရရင် တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်ဆံရေးမလုပ်ဖို့၊ လက်ရှိမှာ ဆက်ဆံဖို့ ကျန်နေတဲ့ တဦးတည်းသော အင်အားစုဟာ မင်းအောင်လှိုင်ပဲ ဖြစ်တယ် ဆိုတာကို လက်ခံလာအောင် လုပ်ဆောင်နေတာပါ။

ကုလသမဂ္ဂမှာလည်း ဒီလိုပါပဲ။ ဒီနှစ်နှောင်းပိုင်း နယူးယောက်မှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်နေရာနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ ဆွေးနွေးပွဲတွေ ရှိပါတယ်။ "မြန်မာနိုင်ငံ အပြည့်အဝ ပါဝင်ခွင့်ရရေး" ဆိုတဲ့ တရုတ်ရဲ့ ထုတ်ပြန်ချက်အပေါ် ကျနော့်ရဲ့ သုံးသပ်ချက်ကတော့ ဘေဂျင်းဟာ လက်ရှိအခြေအနေကို ပြောင်းလဲပစ်ချင်နေပြီး နောက်ဆုံးမှာ မင်းအောင်လှိုင်နဲ့ ရင်းနှီးတဲ့သူတယောက်ကို မြန်မာ့ကုလသမဂ္ဂအဖွဲ့ဝင် နေရာမှာ ထိုင်စေချင်နေတာ ဖြစ်ပါတယ်။”

မေး - ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ တရုတ်က မြန်မာနိုင်ငံကို PSMS လိုမျိုး ဒစ်ဂျစ်တယ် စောင့်ကြည့်ရေးစနစ်တွေ ထောက်ပံ့ပေးခဲ့ပါတယ်။ ဒါက စစ်အာဏာရှင်ရဲ့ အုပ်ချုပ်ရေးစနစ်အပေါ် ဘယ်လိုသက်ရောက်မှု ရှိလာမလဲဗျာ။ ကျနော်တို့နိုင်ငံက နောက်ထပ် မြောက်ကိုရီးယားတခု ဖြစ်သွားတော့မှာလား။

ဖြေ - “တရုတ်ဟာ မြန်မာစစ်တပ်ရဲ့ ကန့်သတ်ချက်တွေကို ကောင်းကောင်း သဘောပေါက်ထားတယ်ဆိုတာ တော်တော်လေး ထင်ရှားတယ်လို့ ကျနော်ထင်ပါတယ်။ အာဏာသိမ်းပြီးကတည်းက တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) နဲ့ ဆက်စပ်နေတဲ့ ဘူမိဗျူဟာမြောက် စီမံကိန်းတွေကို အကောင်အထည်ဖော်ရာမှာ စစ်တပ်ဘက်က ဘာတိုးတက်မှုမှ မလုပ်နိုင်ခဲ့ဘူးဆိုတာကို တရုတ်က သိနေပါတယ်။

ဒီစီမံကိန်းတွေကို လက်တွေ့ကျကျ ရှေ့ဆက်နိုင်ဖို့အတွက် မြန်မာနိုင်ငံဟာ ဆယ်စုနှစ်တခု ဒါမှမဟုတ် ဒီထက်မက နောက်ပြန်ဆုတ်သွားခဲ့ပြီလို့ ကျနော်ပြောချင်ပါတယ်။ ဒါကြောင့်မို့လို့ ဒါဟာ ဒီစီမံကိန်းတွေကို ရှေ့ဆက်ဖို့ သဘောတူညီချက်တွေ ချမှတ်ထားတဲ့ တရုတ်စီမံကိန်းရေးဆွဲသူတွေနဲ့ တရုတ်ကုမ္ပဏီတွေအတွက် အဓိကစိန်ခေါ်မှုကြီး ဖြစ်လာစေပါတယ်။ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောရရင် တရုတ်ရဲ့ သမုဒ္ဒရာ ၂ စင်း ဗျူဟာကို အကောင်အထည်ဖော်ဖို့အတွက် (ပစိဖိတ်နှင့် အိန္ဒိယ) သမုဒ္ဒရာ ၂ စင်းကို ဖြတ်ကျော်ပြီး ထွက်ပေါက်နဲ့ ဆက်သွယ်ရေးလမ်းကြောင်း ဖန်တီးမဲ့ ဒီဘူမိဗျူဟာမြောက် တွန်းအားပေးမှုဟာ တကယ်ကော ဖြစ်နိုင်ခြေရှိရဲ့လားဆိုတဲ့ မေးခွန်းတွေကိုပါ ပေါ်ထွက်လာစေပါတယ်။ ဒါက တကယ်ကော ဖြစ်နိုင်မှာလား။ ကာလတို ဒါမှမဟုတ် ကာလလတ်အတွင်းမှာ ဒါကို လက်တွေ့ အကောင်အထည်ဖော်နိုင်မဲ့ ထိရောက်တဲ့ နည်းလမ်းမျိုး ရှိလာနိုင်ပါ့မလား။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကျနော်တို့ မြင်တွေ့ခဲ့ရတာကတော့ ဒါဟာ ဖြစ်နိုင်ခြေ သိပ်မရှိဘူး ဆိုတာကိုပါပဲ။ အခုလက်ရှိ ရခိုင်ပြည်နယ်ဘက်က တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အခြေအနေကို ကြည့်ရင်ဖြစ်ဖြစ်၊ စင်္ကြံလမ်းတခုလုံး အနှံ့အပြားမှာ တိုက်ပွဲတွေ ဘယ်လောက်အထိ ဖြစ်နေလဲ ဆိုတာကို ကြည့်ရင်ပဲဖြစ်ဖြစ် သိနိုင်ပါတယ်။ တရုတ်က ကြိုးပမ်း တည်ဆောက်နေတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေမှာ ပိုပြီး တိုးတက်မှုရအောင် တွန်းအားပေးသမျှဟာ တော်တော်လေး အငြင်းပွားစရာ ဖြစ်နေခဲ့တာပါ။ တရုတ်နဲ့နီးစပ်တဲ့ အဖွဲ့အစည်းတွေကြားမှာတင် ဒီလိုဖြစ်နေတာပါ။ ဥပမာ- MNDAA ဆိုရင်လည်း ဒီစစ်ကောင်စီအပေါ် စိုးရိမ်မကင်းဖြစ်မှုတွေ အများကြီးရှိပါတယ်။ ဒီစစ်ကောင်စီကို တရားမဝင်ဘူးလို့ မြင်ကြသလို ပြည်သူလူထု တရပ်လုံးကလည်း ငြင်းပယ်ထားတယ်လို့ မြင်ကြပါတယ်။ အမှန်တော့ မြန်မာပြည်သူလူထုရဲ့ အင်အားကြောင့်သာလျှင် MNDAA အနေနဲ့ အခုလက်ရှိ သူတို့ ထိန်းချုပ်စံစားနေရတဲ့ နယ်မြေအများအပြားကို သိမ်းပိုက်နိုင်ခဲ့တာပါ။

ဒါကြောင့်မို့လို့ ဒီနေရာမှာ ကြီးမားတဲ့ မေးခွန်းထုတ်စရာတွေ ရှိနေပြီး ဒါက "တကယ်တမ်း အဖြေက ဘာလဲ" ဆိုတာဆီ ဦးတည်သွားစေပါတယ်။ လက်ရှိအခြေအနေတွေရဲ့ လားရာအရ ကြည့်ရင် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဘက်ကို ပိုပြီး သိသိသာသာ ဦးတည်လာတာကို တွေ့ရပါတယ်။ ဒါကြောင့် မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံကို တရုတ်က ချပြထားတဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံအောက်ထဲ အပြည့်အဝသွတ်သွင်းဖို့ သဘောတူညီနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ရဲ့ လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို မြန်မာ့မြေပေါ် အခြေချခွင့်ပေးဖို့အထိ သူက ကြီးမားတဲ့ လိုက်လျောမှုတွေ လုပ်ဖို့ အသင့်ရှိနေတယ်ဆိုတာ ပိုပြီး ရှင်းလင်းလာပါတယ်။ ပြီးတော့ ပြည်သူတွေကို ပိုပြီး ရက်ရက်စက်စက်နဲ့ ထိထိရောက်ရောက် နှိမ်နင်းတိုက်ခိုက်နိုင်မဲ့ နည်းလမ်းတွေကို ရှာဖွေတဲ့နေရာမှာလည်း ဒီလို နည်းပညာအသစ်တွေကို ရရှိဖို့ သူ တော်တော်လေး အသည်းအသန် ဖြစ်နေပုံရပါတယ်။ ဒါကြောင့်မို့လို့ တရုတ်ကဖြစ်စေ၊ ရုရှားကဖြစ်စေ၊ ဒါမှမဟုတ် တခြားနေရာကဖြစ်စေ ဒီနည်းပညာတွေကို ရရှိဖို့အတွက် စစ်ကောင်စီခေါင်းဆောင်ဘက်က ပိုပြီး တွန်းအားပေး ကြိုးပမ်းလာတာကို မြင်တွေ့ရဖို့ ရှိပါတယ်။

ဒါပေမဲ့ တရုတ်ဘက်က စိတ်မရှည်မှုတွေ တိုးလာတာနဲ့အမျှ (အထူးသဖြင့် အမြင့်ဆုံးအဆင့် ခေါင်းဆောင်ပိုင်းတွေမှာ တရုတ်အနေနဲ့ ဒီစစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်ဆိုတဲ့ အချက်ပြမှုကို ပေးထားပြီးဖြစ်တဲ့အတွက်) ဒီစစ်ကောင်စီကို တည်ငြိမ်အောင်လုပ်ဖို့နဲ့ ဒီစီမံကိန်းအချို့ကို စတင်ရှေ့ဆက်နိုင်ဖို့ လိုအပ်တဲ့ အခြေခံ အနိမ့်ဆုံး လုံခြုံရေး အဆင့်အတန်းတခုကို လက်တွေ့ဖော်ဆောင်နိုင်ဖို့ ပိုမိုကြီးမားတဲ့ တွန်းအားပေးမှုတွေ ရှိလာနိုင်ပါတယ်။ တရုတ်ဘက်က မင်းအောင်လှိုင်ကို ဖိတ်ခေါ်ခဲ့စဉ်တုန်းက တရုတ်ရဲ့ အကြီးဆုံး ရထားကုမ္ပဏီတခုရဲ့ ရုံးချုပ်ဆီ သွားရောက်လေ့လာခွင့်ပေးခဲ့သလို ရှန်ဟိုင်းနဲ့ ဟန်ကျိုးဆီကိုလည်း ရထားနဲ့ ခရီးစဉ် စီစဉ်ပေးခဲ့တာဟာ တော်တော်လေးကို သေချာတွက်ချက် လုပ်ဆောင်ခဲ့တာလို့ ကျနော်ထင်ပါတယ်။ ဒါဟာ ဒီဆက်သွယ်ရေးစင်္ကြံလမ်းကို တရုတ်ဘက်က တကယ်ပဲ လက်တွေ့အကောင်အထည်ဖော်ချင်နေတယ်ဆိုတဲ့ သူတို့ရဲ့ ရည်ရွယ်ချက်ကို ပြသဖို့အတွက် သေချာ စီစဉ်ခဲ့တာပါ။ အဲဒီစင်္ကြံလမ်းရဲ့ အဓိကအကျဆုံး အစိတ်အပိုင်းတွေထဲက တခုကတော့ အဆိုပါ ရထားလမ်းစီမံကိန်း ဖြစ်ပါတယ်။”

မေး -  မြန်မာနိုင်ငံမှာ တရုတ်နဲ့ နီးနီးကပ်ကပ် လုပ်ဆောင်နေတဲ့ MNDAA တို့၊ UWSA တို့လို အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရှိပါတယ်။ တရုတ်ရဲ့ နယ်စပ်ခြံစည်းရိုး ခတ်မှုတွေက MNDAA နဲ့ UWSA ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲမှာ မြန်မာ့မြေဘက်အထိ ကျူးကျော်ဝင်ရောက်လာတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘာများ ကြားသိထားတာ ရှိလဲဗျာ။

ဖြေ - “အမှန်တော့ နယ်စပ်စီမံခန့်ခွဲမှုနဲ့ သက်ဆိုင်တဲ့ ကိစ္စအပေါ် စိုးရိမ်ပူပန်မှုတွေ ထွက်ပေါ်နေခဲ့တာဟာ တရုတ်က နယ်စပ်ဒေသတွေမှာ ကိုဗစ်ရောဂါ ကာကွယ်ဖို့အတွက် နယ်စပ်ဖြတ်ကျော်မှုဆိုင်ရာ အစီအမံတွေကို စတင်တင်းကျပ်ခဲ့တဲ့ ကိုဗစ်ကာလကတည်းက စတင်ခဲ့တာလို့ ကျနော်ထင်ပါတယ်။ ဒါကြောင့် ဒါက တကယ်တမ်းတော့ အသစ်အဆန်းကြီး မဟုတ်ပါဘူး။ လက်ရှိအချိန်မှာ အာဏာချိန်ခွင်လျှာတခုလုံးကို ခြုံငုံကြည့်မယ်ဆိုရင် မြန်မာစစ်တပ်ဟာ နယ်စပ်အစီအမံတွေနဲ့ ပတ်သက်ပြီး တရုတ်ကို ပြတ်ပြတ်သားသား တုံ့ပြန်ဆန့်ကျင်နိုင်တဲ့ အနေအထားမှာ လုံးဝ မရှိပါဘူး။

မြန်မာစစ်တပ်ဟာ ဒီကိစ္စမှာ အလွန်အမင်း အင်အားချည့်နဲ့တဲ့ အခြေအနေကို ရောက်နေရတာပါ။ ဘာကြောင့်လဲဆိုတော့ သမိုင်းကြောင်းအရ ကြည့်ရင် စစ်တပ်ဟာ သူတို့ရဲ့ နယ်စပ်စောင့်တပ် (BGF) တွေကတဆင့် တရုတ်နိုင်ငံသား သောင်းနဲ့ချီ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းကြီးတွေကို တိုက်ရိုက် စီမံခန့်ခွဲခဲ့ပြီး ၂၀၁၆ ကနေ ၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံသား အများအပြား အသတ်ခံရမှုတွေနဲ့ပါ ပတ်သက်နေခဲ့လို့ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ပဲ အဲဒီ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို အလျင်အမြန် နှိမ်နင်းနိုင်ဖို့အတွက် တရုတ်ဟာ (ကာလတခုအထိတော့) နယ်စပ်ဒေသက MNDAA လို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ် ပိုပြီး အားကိုးအားထား ပြုခဲ့ရပါတယ်။

ဒါကြောင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၀၂၇ စစ်ဆင်ရေး စတင်ကတည်းက မြန်မာစစ်တပ်ဘက်က ကြုံတွေ့ခဲ့ရတဲ့ အကျအဆုံးတွေနဲ့ စစ်တပ်ကိုယ်တိုင် ဘယ်လောက်အထိ ယိုင်နဲ့သွားခဲ့ပြီလဲ ဆိုတာကို ကြည့်ရင် နယ်စပ်အငြင်းပွားမှု ကိစ္စရပ်တွေမှာ သူတို့ဘက်က ပြန်လည်တွန်းလှန်နိုင်စွမ်း လုံးဝ ရှိမှာမဟုတ်ပါဘူး။ အလားတူပဲ MNDAA ဟာလည်း လက်ရှိအချိန်မှာ အလွန် ထိခိုက်လွယ်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ကျနော်ထင်ပါတယ်။ ဆိုလိုတာက သူတို့ဟာ မဟာမိတ်တွေနဲ့အတူ မန္တလေးဘက်ကို ရှေ့တိုးလာပြီးတဲ့နောက်မှာ တရုတ်က သူတို့ကို သိသိသာသာ မျက်နှာလွှဲခဲပစ် လုပ်ခဲ့ပါတယ်။ နည်းလမ်းပေါင်းစုံနဲ့ ကြည့်ရင် တရုတ်ဟာ မဟာမိတ်အဖွဲ့တွေကို ဖြိုခွဲသူအဖြစ် ဆောင်ရွက်ခဲ့တာပါ။ ညီနောင်မဟာမိတ် ၃ ဖွဲ့ကြားက ဆက်ဆံရေးကို ဖြိုခွဲခဲ့သလို UWSA နဲ့ ပိုမိုကျယ်ပြန့်တဲ့ FPNCC ကြားက ဆက်ဆံရေးကိုလည်း ဖြိုခွဲခဲ့ပါတယ်။ တရုတ်က နယ်စပ်ဒေသမှာ ဒီအဖွဲ့တွေကို ပစ်မှတ်ထားပြီး ပြင်းပြင်းထန်ထန် ဖိအားပေးလာတဲ့အတွက် FPNCC ဟာလည်း အရာမဝင်တော့တဲ့ အခြေအနေမျိုး ဖြစ်သွားခဲ့ရတယ်လို့ မြင်ပါတယ်။ ဒါကြောင့် အခုအချိန်မှာ ဘယ်အဖွဲ့အစည်းကမှ နယ်စပ်ပိုင်နက် တောင်းဆိုမှုတွေကို ထုတ်ဖော်တွန်းလှန်နိုင်လောက်တဲ့ အင်အားမျိုး မရှိကြပါဘူး။

မြန်မာစစ်တပ်ကလည်း ဒီပြဿနာကို မစချင်သလို လက်နက်ကိုင်အဖွဲ့တွေကလည်း ဒီကိစ္စကို မစလိုကြတဲ့အတွက် ဒါဟာ အားနည်းချက်တခု ဖြစ်လာစေတယ်လို့ ကျနော်ပြောချင်ပါတယ်။ မြေပြင်က ပကတိအခြေအနေက ဘာပဲဖြစ်ဖြစ် နယ်စပ်မှာ ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး ကောလာဟလအချို့ ထွက်ပေါ်လာရုံနဲ့တင် မြန်မာစစ်တပ်ဟာ အကျပ်အတည်းနဲ့ ရင်ဆိုင်ရစေပါတယ်။ စစ်တပ်အနေနဲ့ တရုတ်ရဲ့ နယ်စပ်အကျိုးစီးပွားကို စိန်ခေါ်နေသလိုမျိုး လူထုအမြင်မှာ မပေါ်လွင်စေဖို့အတွက် အဆိုပါ နယ်စပ်တောင်းဆိုမှုတွေနဲ့ ပတ်သက်လာရင် တရုတ်ရဲ့ တုံ့ပြန်မှုကိုပဲ အားကိုးနေရတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။ ဒါကြောင့် ဒါဟာ အာဏာသိမ်းပြီးကတည်းက စစ်တပ်လျှောက်လှမ်းခဲ့တဲ့ လမ်းကြောင်းကြောင့် သူတို့ဘာသာသူတို့ ဖန်တီးခဲ့တဲ့ အကျပ်အတည်းတခုလို့ပဲ ပြောရပါမယ်။ သူတို့ဟာ အမျိုးသားအကျိုးစီးပွားတွေကို တစထက်တစ ထိုးကျွေးလာခဲ့တာပါ။ အထူးသဖြင့် မင်းအောင်လှိုင်ဟာ နိုင်ငံအပေါ် ဆက်လက်ထိန်းချုပ်ထားနိုင်ရေးအတွက် အမျိုးသားအကျိုးစီးပွားကို ပုဂ္ဂိုလ်ရေးအရ ထိုးကျွေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ တခြား အင်အားကြီးနိုင်ငံတွေရဲ့ အမြတ်ထုတ်ခြင်းကို ခံရမဲ့ အလွန်အန္တရာယ်ကြီးတဲ့ အခြေအနေမျိုးကို ရောက်နေပါတယ်။ ဒါဟာ လက်ရှိ မြန်မာစစ်တပ် ကြုံတွေ့နေရတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။”

မေး - တရုတ်ရဲ့ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေအကြောင်းနဲ့ ပတ်သက်လို့ ဒါဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက သတင်းထွက်ပေါ်ခဲ့ဖူးပြီး အဲဒီနောက်ပိုင်း မြန်မာ့မီဒီယာတွေမှာ နောက်ဆက်တွဲ သတင်းဖော်ပြမှု သိပ်မတွေ့ရတော့ဘူး။ ဒါပေမဲ့ ဒါက အဓိကအားဖြင့် ကျောက်ဖြူမှာပဲလား၊ ဒါမှမဟုတ် စစ်ကိုင်းတိုင်းထဲက သတ္တုတွင်းအချို့မှာကော ရှိလား။ အဲဒီနေရာတွေမှာလည်း သူတို့ရှိနေတယ်လို့ ပြောခဲ့ကြတာကို ကျနော် မှတ်မိနေလို့ပါ။ ဆိုတော့… ဒီ တရုတ် ပုဂ္ဂလိက လုံခြုံရေးတပ်ဖွဲ့တွေဟာ မြန်မာနိုင်ငံရဲ့ ဘယ်နေရာတွေမှာ အခြေချ လှုပ်ရှားနေကြပြီး ဘာတွေလုပ်ဆောင်နေကြလဲခင်ဗျာ။ ပြီးတော့ သူတို့ဟာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ရဲ့ စီမံကိန်း နယ်မြေအချို့ကို ဘယ်လိုမျိုး ကာကွယ်ပေးနေကြပါသလဲ။

ဖြေ -  “အမှန်တော့ တရုတ်ကုမ္ပဏီတွေ ဒါမှမဟုတ် တရုတ်နိုင်ငံပိုင် လုပ်ငန်းကြီးတွေဘက်က သူတို့ (လုံခြုံရေးတပ်ဖွဲ့တွေ) ရှိနေကြောင်း ထုတ်ဖော်ကြေညာတာမျိုးကိုတော့ ခင်ဗျား အများကြီး တွေ့ရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တချို့သော တရုတ် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေဟာ အခုလို လုံခြုံရေးဝန်ဆောင်မှုမျိုးတွေ အပါအဝင် ပိုမိုကျယ်ပြန့်တဲ့ ဝန်ဆောင်မှုတွေကို ပေးဆောင်နိုင်ပြီ ဖြစ်ကြောင်း ပိုပြီးတော့ ဗြောင်ကျကျ ကြော်ငြာလာတာမျိုး ရှိပါတယ်။ မြန်မာနိုင်ငံတွင်းက တရုတ်ကုမ္ပဏီအချို့အတွက် လုံခြုံရေးအခြေအနေဟာ ပိုမိုစိုးရိမ်စရာ ကောင်းလာတာနဲ့အမျှ အဲဒီစီးပွားရေးအခွင့်အလမ်းတွေကနေ အမြတ်အစွန်း ရရှိနိုင်ဖို့ နေရာဦးဖို့ ကြိုးပမ်းနေကြတာလို့ ကျနော်ထင်ပါတယ်။

ဒါပေမဲ့ ယေဘုယျအားဖြင့် ပြောရရင်တော့ (လတ်တလော ထွက်ရှိထားတဲ့ DVB ရဲ့ Blood Copper မှတ်တမ်းတင်ရုပ်ရှင်အသစ်မှာလည်း ဒါကို ကောင်းကောင်း မီးမောင်းထိုးပြထားပါတယ်) အဲဒီတရုတ်ကုမ္ပဏီ အများစု (ဥပမာ- ဝမ်ပေါင် သတ္တုတွင်းကုမ္ပဏီ) ဟာ အဆိုပါ လုံခြုံရေးအတွက် မြန်မာစစ်တပ်အပေါ်မှာပဲ တော်တော်လေး ဆက်ပြီး အားကိုးနေရဆဲ ဖြစ်ပုံရပါတယ်။ တချိန်တည်းမှာပဲ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကိုတော့ မြန်မာစစ်တပ်အပြင် အဆိုပါ စင်္ကြံလမ်းတွေကို ထိန်းချုပ်ထားတဲ့ MNDAA လို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့က လုံခြုံရေး ပေးထားတယ် ဆိုတာကိုလည်း ကြားသိနေရပါတယ်။ ဒါကြောင့် သူတို့ဟာ မြန်မာနိုင်ငံတွင်းက အဓိက လုံခြုံရေးပေးသူတွေ ဖြစ်နေပုံရပါတယ်။

တရုတ်ဘက်က သူတို့ရဲ့ လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပိုမိုဝင်ရောက်ခွင့်ရဖို့ အပြင်းအထန် တောင်းဆိုခဲ့ရတဲ့ အကြောင်းရင်းတခုကတော့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အနည်းငယ် ပိုပြီး ပုံမှန်အခြေအနေကို ပြန်ရောက်သွားမဲ့ အနာဂတ်ကာလကို ပိုပြီး မျှော်မှန်းတွက်ချက်ထားတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ အဲဒီ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာပဲ ဒီလို လုံခြုံရေးမျိုးကို ပေးဆောင်မဲ့ အဓိက အစုအဖွဲ့တွေ ဖြစ်နေပါလိမ့်မယ်။ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေအနေနဲ့ မြန်မာစစ်တပ်ကိုယ်တိုင်နဲ့ ဖြစ်စေ၊ MNDAA လို အဖွဲ့တွေနဲ့ ဖြစ်စေ လုံခြုံရေးလုပ်ငန်းတွေကို အပြိုင်အဆိုင် လုယူလုပ်ဆောင်လိမ့်မယ်လို့ ကျနော်မမြင်ပါဘူး။ ဥပမာအားဖြင့် အဓိက လက်နက်ကိုင် အဖွဲ့ကြီးတွေဆီကနေ စီးပွားရေးအခွင့်အလမ်းတွေကို လုယူဖို့ ကြိုးစားတာဟာ အဆိုပါ အကျိုးဆောင်တွေအတွက် အမှန်တကယ်ပဲ အန္တရာယ်များတဲ့ ကိစ္စတခု ဖြစ်လာလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမဲ့ အနီးကပ် ကိုယ်ရံတော်လို ဝန်ဆောင်မှုမျိုးတွေကိုတော့ ပိုပြီး တွေ့လာရနိုင်ပါတယ်။ ဥပမာ- ကုမ္ပဏီတွေရဲ့ အဆင့်မြင့်မန်နေဂျာတွေအနေနဲ့ လက်နက်ကိုင် ကိုယ်ရံတော်တွေကို ငှားရမ်းတော့မယ်ဆိုရင် သူတို့ရဲ့ ဘာသာစကားကို ပြောတတ်တဲ့သူ ဒါမှမဟုတ် သူတို့နိုင်ငံက လာတဲ့သူမျိုးကိုပဲ ပိုပြီး လိုချင်ကြမှာက သဘာဝကျပါတယ်။ အဲဒီလို နေရာမျိုးတွေမှာတော့ ဒီလိုဝန်ဆောင်မှုတွေကို ပိုပြီး မြင်တွေ့ရနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဒီကိစ္စ ပျံ့နှံ့နေတာမျိုးကိုတော့ မမြင်တွေ့ရသေးပါဘူး။”

မေး - ဒါက တရုတ်နိုင်ငံတခုတည်းပဲ လုပ်နိုင်တာမျိုး မဟုတ်လားခင်ဗျာ။ ဘာလို့လဲဆိုတော့ တခြားနိုင်ငံတွေအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင် ပုဂ္ဂလိက လုံခြုံရေးတပ်ဖွဲ့တွေ ထားခွင့်မရှိဘူးလို့ ကျနော်သိထားလို့ပါ။ ရုရှားမှာဆိုရင်တော့ ဝဂ္ဂနာလို ကိုယ်ပိုင်ကြေးစားစစ်တပ် ကုမ္ပဏီမျိုးတွေ ရှိတာပေါ့ဗျာ။ ဒါပေမဲ့ တခြားနိုင်ငံတွေကိုကော ဒီလိုမျိုး လုပ်ခွင့်ပြုထားတာ ရှိပါသလား၊ ဒါမှမဟုတ် ဒါဟာ တရုတ် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေအတွက်ပဲလား။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာ ဥပဒေတခု ရှိခဲ့တယ် မဟုတ်လားဗျာ။ အဲဒီဥပဒေက…

ဖြေ - “ဒါက တရုတ်ကုမ္ပဏီတွေအတွက်ပဲ ကန့်သတ်ထားတာ မဟုတ်ဘူးလို့ ကျနော် ထင်ပါတယ်။ ယေဘုယျအားဖြင့် အဲဒီဥပဒေကို ပြင်ဆင်လိုက်တဲ့အတွက် အဲဒီမှာ လာရောက်လုပ်ကိုင်မဲ့ ဘယ်လုံခြုံရေးကုမ္ပဏီမဆို နောက်ဆုံးမှာတော့ သူတို့အားလုံးဟာ တူညီတဲ့ ဥပဒေတွေအောက်မှာပဲ ရှိနေတာပါ။ သတ်မှတ်ထားတဲ့ နိုင်ငံတခုခုက လာတဲ့ ကုမ္ပဏီတွေအတွက်ပဲ သီးသန့် ကင်းလွတ်ခွင့် ပေးထားတာမျိုး မဟုတ်ပါဘူး။ ပြီးတော့ သူတို့ဟာ ဖက်စပ်ကုမ္ပဏီတွေ ဖြစ်ဖို့ လိုအပ်တဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် မြန်မာကုမ္ပဏီတခုခုနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ဝန်ဆောင်မှုမျိုး ပေးအပ်ခြင်းမှာ ပါဝင်ပတ်သက်နေတဲ့ ဘယ်ကုမ္ပဏီမဆို ဖြစ်နိုင်ခြေ ရှိပါတယ်။”

မေး - လာအိုနဲ့ ကမ္ဘောဒီးယားတို့ဟာ (ဘေဂျင်းရဲ့ လက်ဝေခံနိုင်ငံတွေလို ဖြစ်နေတဲ့အထိ) တရုတ်နဲ့ အလွန်နီးစပ်တဲ့ ဆက်ဆံရေး ရှိတယ်လို့ ကျနော်မြင်လို့ပါ။ ဆိုတော့… အာဆီယံနဲ့ တခြား နိုင်ငံတကာစင်မြင့်တွေမှာ တရုတ်ခိုင်းသမျှကို အဓိက လုပ်ဆောင်ပေးနေတဲ့ လာအို၊ ကမ္ဘောဒီးယားတို့လို နိုင်ငံတွေရဲ့ လမ်းစဉ်အတိုင်း မြန်မာနိုင်ငံကော ပိုပြီး လိုက်ပါလာလိမ့်မယ်လို့ ခင်ဗျား မြင်ပါသလား။ မြန်မာနိုင်ငံဟာ အဲဒီလို နိုင်ငံမျိုးတွေထဲက တခု ဖြစ်လာလိမ့်မယ်လို့ ထင်ပါသလား။

ဖြေ - “ဒီတခေါက် မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ကနေ ထွက်ပေါ်လာတဲ့ ပူးတွဲကြေညာချက်တွေကို ကြည့်မယ်ဆိုရင်၊ အဓိကကျတဲ့ မေးခွန်းတွေအပေါ် (ဥပမာ- ထိုင်ဝမ်အရေး ကိစ္စရပ်တွေနဲ့ တရုတ်ရဲ့ အခြေခံ အမျိုးသားအကျိုးစီးပွားလို့ သတ်မှတ်ထားတဲ့ တခြားကိစ္စရပ်တွေမှာ) မင်းအောင်လှိုင်ရဲ့ ရပ်တည်ချက်ဟာ သိသိသာသာ အချိုးကွေ့ကြီး ဖြစ်သွားတာကို ခင်ဗျား ကောင်းကောင်း မြင်နိုင်ပါတယ်။ မင်းအောင်လှိုင်ဟာ အထူးသဖြင့် ထိုင်ဝမ်မေးခွန်းအပေါ်မှာ အရင် NLD ပါတီ လုပ်ခဲ့တာထက်စာရင် တရုတ်လိုလားတဲ့ ရပ်တည်ချက်ကို ပိုပြီး ပြတ်ပြတ်သားသား ယူထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ပိုမိုမြင့်မားတဲ့ မဟာမိတ်ပြု ပူးပေါင်းဆောင်ရွက်မှု အဆင့်တွေကို ခင်ဗျား မြင်တွေ့နေရတာ ဖြစ်ပါတယ်။

အမှန်တော့ ထိုင်ဝမ်မေးခွန်းနဲ့ ပတ်သက်ပြီး မင်းအောင်လှိုင်က လူထုကြားထဲ ထုတ်ပြန်ထားတဲ့ ကြေညာချက်နဲ့ အချက်အလက်တွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဒါဟာ ကမ္ဘောဒီးယားက ဒီကိစ္စအပေါ် ပြောဆိုထားတာထက်တောင် ပိုပြီး ကျော်လွန်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီခရီးစဉ်ကနေ ကျနော်တို့ မြင်တွေ့ခဲ့ရတဲ့ အချက်တွေအပေါ် အခြေခံပြီး ပြောရရင် မင်းအောင်လှိုင်ရဲ့ ရှုထောင့်ကနေကြည့်ရင် တရုတ်ဟာ အဓိက အားကိုးစရာ ဖြစ်နေတယ်ဆိုတဲ့ အချက်ပြမှုကို ပေးနေတာ ဖြစ်ပါတယ်။

ပြီးတော့ မင်းအောင်လှိုင် အဲဒီမှာ ရှိနေစဉ်အတွင်း တရုတ်နိုင်ငံပိုင် ရုပ်သံလိုင်းကို ပေးခဲ့တဲ့ အင်တာဗျူးကို ကြည့်ရင်လည်း အလားတူ ပုံရိပ်လက္ခဏာမျိုးတွေကိုပဲ ပြသနေတာ တွေ့ရပါလိမ့်မယ်။ မင်းအောင်လှိုင်ဟာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လမ်းညွှန်ချက်တွေအတွက် တရုတ်ကို မျှော်ကိုးနေသလို မြန်မာနိုင်ငံဆီ ယူဆောင်လာနိုင်မဲ့ စံနမူနာ ပုံစံတွေအတွက်လည်း တရုတ်ကိုပဲ မျှော်ကြည့်နေပြီး နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ နိုင်ငံရေး အနာဂတ်လမ်းကြောင်းဟာ တရုတ်နဲ့ တစထက်တစ ပိုပြီး တသားတည်း ဖြစ်လာနေတယ်ဆိုတာကို အတော်လေး ထုတ်ဖော် ပြောဆိုနေတယ်ဆိုတဲ့ သတင်းစကားကို အထင်အရှား ပေးနေတာပါ။”

မေး - ဟုတ်ကဲ့၊ အဲဒါက အန္တရာယ် မများဘူးလားခင်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ အရင် စစ်အစိုးရ အဆက်ဆက်ဟာ နိုင်ငံခြားသားကြောက်ရောဂါ ရှိကြပြီး တရုတ်နဲ့ ဆက်ဆံရေးအပေါ် အလွန်အမင်း သတိထား စိုးရိမ်ခဲ့ကြတာကို ကျနော်တို့ တွေ့ခဲ့ဖူးလို့ပါ။ ဒါပေမဲ့ မင်းအောင်လှိုင်ကတော့ အဲဒီလမ်းစဉ်အတိုင်း မသွားပါဘူး။ အခုဆိုရင် သူဟာ ခင်ဗျားပြောသလို တရုတ်နဲ့ ပိုပြီး ပူးပေါင်းလုပ်ဆောင်ဖို့ အသင့်ရှိနေပါတယ်။ ဒါမှမဟုတ် သူက နိုင်ငံတော်ရဲ့ အာဏာစက် ယန္တရား အစိတ်အပိုင်းအားလုံးကို ထိန်းချုပ်ထားတဲ့အတွက်ကြောင့် သူ့အတွက် ဒါက အဆင်ပြေနေတာလား၊ ဒါမှမဟုတ် အန္တရာယ်ရှိပါသလား။

ဖြေ - “ဒီကိစ္စအပေါ် သူ့ရဲ့တွက်ချက်မှုက ဘာလဲဆိုတာ အတိအကျ သိဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ ၁၀၂၇ စစ်ဆင်ရေးကနေ သူ သင်ခန်းစာ ကောင်းကောင်း ရလိုက်ပုံရတဲ့ အချက်တခုကတော့ တကယ်လို့ သူသာ တရုတ်ရဲ့ အကျိုးစီးပွားကို ဆန့်ကျင်ဖို့ ကြိုးစားမယ်ဆိုရင် တရုတ်မှာ သူ့ကို တုံ့ပြန်ကစားနိုင်မဲ့ လက်နက်ကိရိယာတွေ အများကြီး ရှိနေတယ် ဆိုတာပါပဲ။ ပြီးတော့ သူက တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်ကို အသုံးချပြီး ကစားဖို့ ကြိုးစားမယ်ဆိုရင်လည်း အဲဒါက အလားတူပဲ သူ့အပေါ် ကြီးကြီးမားမား အထိနာသွားစေနိုင်ပါတယ်။

ဆိုလိုတာက အာဏာသိမ်းပြီးကတည်းက မင်းအောင်လှိုင်ဟာ ဒီနည်းလမ်းကို အနည်းငယ် ကြိုးစားခဲ့တာ ခင်ဗျား တွေ့ဖူးမှာပါ။ နယ်စပ်ဒေသတွေမှာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ကြုံတွေ့ရပြီးတဲ့နောက်ပိုင်း အင်အားတောင့်တင်းပုံပြဖို့ ကြိုးစားတဲ့သဘောမျိုး ဖြစ်နိုင်ပါတယ်။ ၂၀၂၃ နှောင်းပိုင်းနဲ့ ၂၀၂၄ အစောပိုင်းတုန်းက လားရှိုးကျဆုံးသွားခဲ့တာဟာ စစ်တပ်အတွင်းမှာ သူ့ရဲ့ အရှိန်အဝါ သမိုင်းကြောင်းကို ချေဖျက်ပစ်လိုက်သလို ဖြစ်ခဲ့တယ် ဆိုတာကို သတိပြုဖို့ လိုပါတယ်။ ဒါဟာ သိက္ခာကျစရာ အရှက်ခွဲခံရမှုကြီး ဖြစ်ခဲ့တာပါ။ သူ့ကို မြန်မာ့စစ်တပ် သမိုင်းတလျှောက်မှာ အားအနည်းဆုံး စစ်ခေါင်းဆောင်တယောက်အဖြစ် ပေါ်လွင်သွားစေခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အင်အား၊ အာဏာနဲ့ တိုးတက်မှုတွေကို ဂုဏ်ယူတတ်တဲ့ မြန်မာစစ်ခေါင်းဆောင်တယောက် အနေနဲ့ အခြေအနေက ထင်ရှားစွာ မဟုတ်နေရင်တောင်မှ မိမိကိုယ်ကိုယ် အင်အားရှိတဲ့ အနေအထားမှာ ရှိနေဆဲ ဖြစ်တယ်ဆိုတဲ့ ပုံရိပ်မျိုးကို လူထုကြား ဖန်တီးချင်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဟုတ်ပါတယ်၊ မင်းအောင်လှိုင်ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့ အဲဒီနောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုတွေကနေ သူဟာ တရုတ်အပေါ် တော်တော်လေး မှီခိုနေရတယ်ဆိုတဲ့ သင်ခန်းစာကို ရရှိသွားခဲ့ပုံရပါတယ်။ ဥပမာအားဖြင့် တရုတ်ကသာ မြောက်ပိုင်းအဖွဲ့တွေအပေါ် ပေးထားတဲ့ ဖိအားတွေကို ရုတ်တရက် လျှော့ချလိုက်မယ်ဆိုရင် ဒါမှမဟုတ် မြောက်ပိုင်းဒေသက အဆိုပါ မဟာမိတ်အဖွဲ့တွေကို ပြန်လည် ပေါင်းစည်းခွင့် ပြုလိုက်မယ်ဆိုရင် ဒါဟာ သူ့ရဲ့ စစ်အစိုးရ ရေရှည်ရပ်တည်နိုင်စွမ်းအတွက် (အနည်းဆုံး ကာလတိုနဲ့ ကာလလတ်အတွင်းမှာ) ပျက်စီးခြင်း အကျိုးဆက်တွေကို သယ်ဆောင်လာနိုင်တယ် ဆိုတာကို သူ သဘောပေါက်သွားပါတယ်။

အခုအချိန်မှာ သူက ရေရှည်ဂိမ်းတခုကို ကစားနေတာဆိုရင်တော့ အနာဂတ်အတွက် တခြား ခြေလှမ်းတလှမ်း လှမ်းဖို့ တွက်ချက်မှုမျိုး ရှိချင်ရှိနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ သူ အဓိက ဆက်ဆံရမဲ့ အခန်းကဏ္ဍက တရုတ် ဖြစ်နေပုံရပါတယ်။ လားရှိုးကျဆုံးပြီးနောက်ပိုင်း သူ တကယ်ပဲ အကျပ်ရိုက် ပြိုလဲလုနီးပါး ဖြစ်ခဲ့ရတဲ့ အချိန်ကတည်းက စစ်တပ်ကို နိုင်ငံရေးအရော၊ ဗျူဟာမြောက်အရပါ အကြီးမားဆုံးသော မဟာဗျူဟာမြောက် ထောက်ပံ့မှုတွေ ပေးခဲ့ပြီး အကာအကွယ်အပေးဆုံး ဖြစ်ခဲ့တာကတော့ တရုတ်ပဲ ဖြစ်ပါတယ်။ အခုဆို တရုတ်အနေနဲ့လည်း မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကို ပြန်လည်ထိန်းချုပ်ဖို့၊ သူတို့အနေနဲ့ တခြားတော်လှန်ရေးအုပ်စုတွေနဲ့ နီးစပ်တဲ့ဆက်ဆံရေး ထူထောင်ခဲ့တာကို အပြစ်ပေးဖို့ အာရုံစိုက်နေတာကို တွေ့ရမှာပါ။”

မေး - တခြားဖြည့်စွက်ပြောချင်တာ ရှိပါသေးလားခင်ဗျာ။

ဖြေ - “လူတွေ သိပ်ပြီး သတိမထားမိကြသေးဘဲ ကျန်နေသေးတဲ့ တခြားအချက်တချက်ကတော့ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ဝန်းကျင်မှာ ဖြစ်ပျက်ခဲ့တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ တိုက်ဆိုင်မှုတွေပဲ ဖြစ်ပါတယ်လို့ ကျနော်ထင်ပါတယ်။

ပထမဆုံးအနေနဲ့ ဒီခရီးစဉ်ရဲ့ အချိန်အခါဟာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်လို့ မြင်ပါတယ်။ အကြောင်းကတော့ ကျန်တဲ့ အာဆီယံခေါင်းဆောင်တွေ ရုရှားမှာ စုံညီတက်ရောက်နေချိန်မှာ မင်းအောင်လှိုင်ကတော့ အဲဒီကို ဖိတ်ကြားခြင်း မခံခဲ့ရပါဘူး။ ဒါပေမဲ့ အတိအကျ အဲဒီအချိန်မှာပဲ တရုတ်က သူ့ကို နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် ဖိတ်ခေါ်ခဲ့တာဟာ တနည်းအားဖြင့် အာဆီယံကို မျက်နှာဖြတ်ရိုက်လိုက်သလိုမျိုး၊ ဒါမှမဟုတ် မင်းအောင်လှိုင်နဲ့တကွ ပိုမိုကျယ်ပြန့်တဲ့ မြန်မာ့အရေးကိစ္စတွေမှာ တရုတ်အနေနဲ့ လုံးဝကွဲပြားတဲ့ ချဉ်းကပ်မှုမျိုး လုပ်နေတယ် ဆိုတာကို အာဆီယံဆီ သတင်းစကား ပေးလိုက်တာပဲ ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ တရုတ်ဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို တွန်းအားပေးနေတယ်လို့ ထုတ်ပြန်ချက်တွေထဲမှာ အတော်လေး ဖော်ပြထားတာကို တွေ့ရမှာပါ။ ဒါပေမဲ့ ဒါက ပုံမှန် ငြိမ်းချမ်းရေးမျိုး မဟုတ်ဘဲ မြန်မာစစ်တပ်ကိုပဲ ဗဟိုပြုထားတဲ့ သီးသန့် "ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး" မူဘောင်ပုံစံမျိုး ဖြစ်နေတာကို တွေ့ရပါတယ်။ ပြီးတော့ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်နဲ့ တချိန်တည်းမှာပဲ UWSA ‘ဝ’တပ်ဖွဲ့၊ မိုင်းလားအဖွဲ့ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) တို့ဟာလည်း အနည်းနဲ့အများဆိုသလို လှုပ်ရှား သက်ဝင်လာတာကို တွေ့ရပါတယ်။  အဲဒီအစုအဖွဲ့တွေနဲ့ စစ်တပ်ကြားမှာ ခရီးစဉ်မတိုင်ခင်လေးတင် ဆွေးနွေးပွဲအချို့ ရှိခဲ့ပါတယ်။ ဒါ့အပြင် SSPP ရှမ်းပြည်တိုးတက်ရေးပါတီကလည်း နေပြည်တော်ဆီ သွားရောက်ခဲ့တာကို တွေ့ရမှာပါ။

ကျနော့်အမြင်မှာတော့ မြောက်ပိုင်းအင်အားစုတွေရဲ့ တွန်းအားကြောင့် အဆိုပါ လက်နက်ကိုင် အဖွဲ့တွေဟာ မြန်မာစစ်တပ်နဲ့ ပိုပြီး ဆက်ဆံရေးမြှင့်တင်ဖို့ ကြိုးစားလာကြတာလို့ ထင်ပါတယ်။ ပြီးတော့ တည်ငြိမ်ရေးအတွက် မြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံရာမှာ တိုးတက်မှုတချို့ ရှိနေကြောင်း ပြချင်တာလည်း ဖြစ်ပါလိမ့်မယ်။ လက်ရှိအချိန်မှာ မင်းအောင်လှိုင်အနေနဲ့လည်း တည်ငြိမ်ရေးဆီ ဦးတည်တဲ့ လမ်းကြောင်းတွေကို သူ လက်တွေ့ဖော်ဆောင်ပေးနိုင်တယ် ဆိုတာကို သက်သေပြဖို့ ဖိအားတွေ အများကြီးနဲ့ ရင်ဆိုင်နေရတယ်လို့ ထင်ပါတယ်။

ဒါပေမဲ့ တဖက်မှာလည်း ‘ဝ’ အဖွဲ့အပေါ်မှာကော၊ မိုင်းလားအဖွဲ့အပေါ်မှာပါ အလားတူ ဖိအားမျိုးတွေ ရှိနေပြီး ဒီအစုအဖွဲ့တွေ အားလုံးကလည်း လက်ရှိ မြန်မာစစ်တပ် ရောက်ရှိနေတဲ့ အင်အားချည့်နဲ့တဲ့ အနေအထားအပေါ် သူတို့ ဘယ်လိုမျိုး အမြတ်ထုတ် အသုံးချနိုင်မလဲ ဆိုတာကို တွက်ချက်နေကြလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ဒါကြောင့် ဒါတွေဟာ မင်းအောင်လှိုင်ရဲ့ ခရီးစဉ် အချိန်အခါနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ တခြား သုံးသပ်ချက်တချို့ပဲ ဖြစ်ပါတယ်။

နောက်ဆုံးအချက်ကတော့ သူ့ရဲ့ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့နဲ့ လာပြီး တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။ တရုတ်ရဲ့ မိတ်ဆွေဟောင်းကြီးလို့ ရည်ညွှန်းခံခဲ့ရဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက်တော့ ဒါဟာ တကယ့်ကို မျက်နှာဖြတ်ရိုက်ခံရမှုပဲလို့ ကျနော် ထင်ပါတယ်။ အခုလိုမျိုး အစီအမံတွေ လုပ်ဆောင်ပြီး မင်းအောင်လှိုင်ကို သမ္မတအဖြစ် အပြည့်အဝ လက်ခံ အသိအမှတ်ပြုလိုက်သလို သူ့ကို တရားဝင်မှုတွေ အလုံးအရင်းနဲ့ ပုံအော ပေးအပ်လိုက်တာကို တွေ့ရလို့ပါ။ ထုတ်ပြန်ချက် အများစုမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဆိုတဲ့ ယေဘုယျ ရည်ညွှန်းချက်တွေကလွဲလို့ နိုင်ငံတွင်းက ပိုမိုကျယ်ပြန့်တဲ့ ပြည်တွင်း အခြေအနေတွေ အကြောင်းကို လုံးဝ ထည့်သွင်းပြောဆိုထားတာ မတွေ့ရပါဘူး။ ဒါဟာ တရုတ်နဲ့ NLD ကြားက ဆက်ဆံရေးဟာ အတိတ်မှာပဲ ကျန်ရစ်ခဲ့ပြီ ဆိုတာကို အချက်ပြလိုက်တာ ဖြစ်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013