
ဆော်ဒီအာရေဗျက အကူအညီတောင်းထားတဲ့အတွက် ယီမင်က ဟူသီတပ်တွေကို ထိန်းပေးဖို့ တရုတ်က အီရန်ကို သီးသန့်တိုက်တွန်းခဲ့တယ်လို့ ရိုက်တာသတင်းဌာနက စက်တင်ဘာ ၁၇ ရက်မှာ ဖော်ပြပါတယ်။
ဆွေးနွေးမှုတွေအကြောင်း သိရှိထားတဲ့ အမည်မဖော်လိုသူ အီရန်သတင်းရင်းမြစ်သုံးယောက်ကို ကိုးကားဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ဟူသီတပ်တွေ ပင်လယ်နီကမ်းရိုးတန်းနဲ့ ဘာ့ဘ် အယ်လ် မန်ဒက် ရေလက်ကြားတဝိုက်မှာ ရှေ့တိုးလာလို့ ဆော်ဒီရဲ့ ရေနံတင်ပို့မှုနဲ့ ရေကြောင်းသွားလာရေး အန္တရာယ် ပိုများလာပါတယ်။
တရုတ်က သူမှီခိုနေရတဲ့ စွမ်းအင်ပို့ဆောင်ရေးလမ်းကြောင်းတွေဆီ ပဋိပက္ခ ထပ်မပြန့်အောင် အီရန်ရဲ့ ဟူသီအပေါ်သြဇာနဲ့ထိန်းပေးဖို့ လိုလားနေတာ ဖြစ်ပါတယ်။
“ဒေသတွင်း မတည်ငြိမ်မှု ပိုဆိုးလာတာဟာ ဘယ်ဘက်အတွက်မှ အကျိုးမရှိပါဘူး” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အီရန်ကတော့ ဒေသတွင်း ငြိမ်းချမ်းရေးဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ်စစ်ပွဲ အဆုံးသတ်ရေးပေါ် မူတည်တယ်လို့ တုံ့ပြန်ခဲ့ကြောင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။
တရုတ်ဘက်က စီးပွားရေး ဖိအားပေးမယ်လို့ ခြိမ်းခြောက်တာတော့ မရှိဘူးလို့လည်း သူတို့က ပြောပါတယ်။
တရုတ်ဟာ အီရန်ရဲ့ အကြီးဆုံးကုန်သွယ်ဘက်နဲ့ ရေနံအဓိကဝယ်လက် ဖြစ်ပါတယ်။
ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့နေချိန်မှာ ပင်လယ်နီလမ်းကြောင်းပါ ထိခိုက်ရင် ကမ္ဘာ့စွမ်းအင်အကျပ်အတည်း ပိုဆိုးလာနိုင်ပါတယ်။
တရုတ်ရဲ့ တိုက်တွန်းချက်အတိုင်း အီရန်က လုပ်ဆောင်မလား ဆိုတာတော့ မသေချာသေးဘူးလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
Source: Reuters











