
အီရန်အပေါ် တိုက်ခိုက်မှုတွေမှာ နေတိုးမဟာမိတ်အဖွဲ့ မပါခဲ့တဲ့နောက် အမေရိကန်အနေနဲ့ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ကနေ နုတ်ထွက်ဖို့ သမ္မတ ဒေါ်နယ်ထရမ့်က အပြင်းအထန် စဉ်းစားနေတယ်လို့ The Telegraph သတင်းဌာနက ဧပြီ ၁ ရက်မှာ ဖော်ပြပါတယ်။
အီရန်ပဋိပက္ခအပြီးမှာ မဟာမိတ်အဖွဲ့မှာ အမေရိကန်ရဲ့ အဖွဲ့ဝင်ဖြစ်မှုကို ပြန်စဉ်းစားမလားလို့ မေးမြန်းတဲ့အခါ ပြန်စဉ်းစားရမဲ့ အဆင့်ထက် ကျော်လွန်နေပါတယ်လို့ ထရမ့်ပ်က ပြောပါတယ်။
"ကျနော် NATO ကို ဘယ်တုန်းကမှ မလွှမ်းမိုးခဲ့ပါဘူး။ သူတို့ဟာ စက္ကူကျား တကောင် ဖြစ်တယ် ဆိုတာ ကျနော်အမြဲသိခဲ့ပါတယ်။”
အီရန်အပေါ် အမေရိကန်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပြီးဆုံးပြီးတဲ့နောက် အမေရိကန် မဟာမိတ် တချို့ က ပံ့ပိုးမှုပေးဖို့ ငြင်းဆန်နေတဲ့အတွက် ထရမ့်ပ်က နေတိုးရဲ့ အနာဂတ်အတွက် ဆုံးဖြတ် ချက်ချမယ် လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဇက်က အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ထရမ့်ပ်က NATO ကို ‘စက္ကူကျား’ လို့ ခေါ်ပြီး နုတ်ထွက်ဖို့ စဉ်းစားနေတယ်လို့ ပြောဆို ဝေဖန် အပြီးမှာ NATO ဟာ ဟော်မုဇ်ရေလက်ကြားမှာ စစ်ဆင်ရေးအတွက် မဟုတ်ဘဲ စုပေါင်း ကာကွယ်ရေးအတွက် ဖြစ်တယ်လို့ ပြင်သစ် စစ်ဘက်ရေးရာ အငယ်တန်းဝန်ကြီး အဲလစ် ရူဖှိုက ဧပြီ ၁ ရက်မှာ ပြောပါတယ်။
NATO ဟာ ယူရို-အတ္တလန္တိတ်ဒေသ နယ်မြေတွေရဲ့ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ စစ်ရေးမဟာမိတ်အဖွဲ့” ဖြစ်တယ်လို့လည်း အဲလစ် ရူဖှိုက ပြောပါတယ်။
ဂျာမန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ကော်နီလီးယပ်စ်ကတော့ ထရမ့်ပ် ဒီလိုပြောတာ ပထမဆုံးအကြိမ် မဟုတ်တော့ဘူးလို့ အစိုးရ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ထပ်ခါတလဲလဲ ဖြစ်တတ်တဲ့ ဖြစ်စဉ်တခုဖြစ်တာကြောင့် အကျိုးဆက်တွေကို ကိုယ်တိုင် ဆုံးဖြတ် နိုင်ပါတယ်လို့လည်း သူက ပြောပါတယ်။
“ဂျာမနီအစိုးရကိုယ်စား ကျနော်တို့ဟာ NATO အပေါ် သဘာဝအတိုင်း ကတိကဝတ်ပြုထားဆဲ ဖြစ်ကြောင်း ရိုးရိုးရှင်းရှင်း ပြောချင်တယ်။”
ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာကလည်း စစ်ပွဲအပေါ် သူ့ရဲ့ရပ်တည်ချက်ကို မပြောင်းလဲကြောင်းနဲ့ သူ့နိုင်ငံဟာ ဖိအားဘယ်လောက်ရှိပါစေ ဘယ်သူလာပါစေ ပဋိပက္ခထဲကို ဆွဲသွင်းခံမှာ မဟုတ်ကြောင်း ပြောပါတယ်။
တနင်္လာနေ့မှာ စပိန်နိုင်ငံက အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုနဲ့ ဆက်စပ် တဲ့ လေယာဉ်ခရီးစဉ် အားလုံးကို သူ့လေပိုင်နက်အတွင်း ဝင်ခွင့်ပိတ်ထားခဲ့ပါတယ်။
အီတလီက စီဂိုနယ်လာ အခြေစိုက်စခန်းမှာ ရပ်နားခွင့်ကို ငြင်းပယ်ခဲ့ပြီး ပြင်သစ်က အမေရိကန်-အစ္စရေး တို့ရဲ့ လက်နက်တင်ဆောင် ပျံသန်းမှုတွေကို ပိတ်ဆို့ခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ ဒုတိယသက်တမ်း စတင်ချိန်ကစပြီး အီရန်စစ်ပွဲနဲ့ အခွန်ကောက်မဲ့ ကုန်သွယ်ရေးတို့ကနေ NATO မဟာမိတ် ဒိန်းမတ်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်တဲ့ ဂရင်းလန်းကို ပိုင်ဆိုင်ရေး တောင်းဆိုချက်တွေအထိ အရာအားလုံးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဥရောပကြား တင်းမာမှုတွေ ပိုဆိုးလာခဲ့ပါတယ်။
Source: Reuters











