DVB Logo
Home
မြန်မာသတင်း
မြန်မာလုပ်သားကို တရုတ်အလုပ်ရှင်နှင့်အပေါင်းပါများက ၅ နာရီခန့်ကြာ ညှဉ်းပန်းနှိပ်စက် 
DVB
·
May 7, 2026
Photo: ภาพจาก Facebook : กันจอมพลัง ช่วยสู้
Photo: ภาพจาก Facebook : กันจอมพลัง ช่วยสู้
Donate to DVB

ထိုင်းအရှေ့တောင်ပိုင်း လယောင်းခရိုင်ထဲမှာ တရုတ်အလုပ်ရှင်နဲ့ အပေါင်းပါ ၆ ယောက်တို့က မြန်မာအလုပ်သမားတယောက်ကို အချိန် ၅ နာရီကြာ လူမဆန်အောင် နှိပ်စက်ညှဉ်းပန်းခဲ့တယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ချွန်းပူးရီးခရိုင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ တရုတ်-မြန်မာ စကားပြန်လုပ်နေတဲ့  အသက် ၂၇ နှစ်အရွယ် ကိုတာတာ့ ဆိုသူ မြန်မာအလုပ်သမားဟာ  ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်က ရစရာရှိတဲ့ လုပ်အားခတွေ ပေးချေမယ်ဆိုပြီး အလုပ်ရှင် တရုတ်က သူ့ကို ချွန်းပူးရီးနဲ့ ကပ်လျက် လယောင်းခရိုင်ရှိ စားသောက်ဆိုင်တဆိုင်ကို ချိန်းဆိုခဲ့ပါတယ်။ 

အဲဒီနေရာရောက်သွားတော့ အလုပ်ရှင်က လုပ်အားခမပေးတဲ့အပြင် အခန်းတခုထဲ ခေါ်သွားပြီး အလုပ်သမားတွေ တယောက်ပြီးတစ်ယောက် အလုပ်ထွက်သွားကြတာဟာ သူ့ရဲ့ သွေးထိုး လှုံ့ဆော်မှုကြောင့်လို့ စွပ်စွဲတယ်။ သူကတော့ အလုပ်သမားတွေ အလုပ်ထွက်တာ သူ့ကြောင့်မဟုတ်ဘဲ လုပ်အားခမှန်မှန်မရတာ၊ အပြည့်မရတာတွေကြောင့် ထွက်သွားခြင်းသာ ဖြစ်တယ်။ သူကိုယ်တိုင်လည်း လစာ ၂၀,၀၀၀ ဆိုပေမဲ့ ၈,၀၀၀ သာရပြီး ၁၂,၀၀၀ ရဖို့ ကျန်သေးတယ်လို့ ပြောပါတယ်။ 

ဒါပေမဲ့ သူ ပြောတာလက်မခံဘဲ အလုပ်ရှင် အပါအဝင် အပေါင်းပါ ၆ ယောက်က ဝိုင်းရိုက်ကြတယ်၊ အမျိုးသမီးတယောက်ပါတယ်၊ အားလုံး  တရုတ်နိုင်ငံသားတွေချည်းပဲ။ သူ့ကို သံတုတ်နဲ့ရိုက်တယ်၊ ဂေါက်သီးရိုက်တံနဲ့ ဆော်တယ်၊ ရေနွေးပူနဲ့ လောင်းတယ်၊ ဒါ့အပြင် ညှပ်နဲ့ လက်သည်းခွံကို ဆွဲထုတ်ဖို့၊ ဝိုင်ယာကြိုးနဲ့ ကျဉ်စက်တို့ဖို့လည်း လုပ်ခဲ့ကြတယ်။ ညနေ ၄ နာရီခွဲမှ ည ၉ နာရီခွဲလောက်ထိ အချိန် ၅ နာရီခန့် နှိပ်စက်ခံရတယ်။ သူဟာ လူလစ်တာနဲ့ အဲဒီနေရာကနေ ထွက်ပြေးလာခဲ့တာလို့  နှိပ်စက်ခံရသူ  ကိုတာတာ့က သတင်းထောက်တွေကို ပြောပါတယ်။ 

ဒဏ်ရာတွေနဲ့ ထွက်ပြေးပေမဲ့ သူ့မှာ အထောက်အထားမပြည့်စုံတာကြောင့် ဆေးရုံမသွားဘဲ ပါရာစီတမော အကိုက်အခဲပျောက်ဆေးသာ သောက်ခဲ့ရတယ်။ သူဟာ ၁၀ ကီလိုမီတာလောက် အရောက် လမ်းခုလပ်မှာ မြန်မာလုပ်သားချင်းတွေ့တော့ သူ့ကို စောင့်ရှောက်ထားတယ်၊ ဒါ့အပြင်  ထိုင်းနိုင်ငံမှာ ဒုက္ခရောက်နေသူတွေကို အမြဲကူညီလေ့ရှိတဲ့ နာမည်ကြီး ပရဟိတသမား “က န်းကျောင်းဖလန်း ” ဆိုသူထံ လိုက်ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

ကန်းကျောင်းဖလန်းကလည်း သူ့ရဲ့ဖြစ်စဉ်ကို စာနာစွာ နားထောင်ပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်။ ကနဦးဆေးကုသစရိတ် ဘတ် ၅,၀၀၀ ပါ ထောက်ပံ့ခဲ့ပါတယ်။ အဲဒီနောက် ရဲစခန်းမှာ အမှုဖွင့်ပေးတယ်။ အလုပ်သမားရုံး၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးမှူးတွေပါတဲ့ တာဝန်ရှိသူတွေဟာ သူ အရိုက်ခံခဲ့ရတဲ့ လယောင်းက စားသောက်ဆိုင်ကို သွား‌ရောက်စစ်ဆေးခဲ့ပါတယ်။ 

ရိုက်နှက်ညှဉ်းပန်းခဲ့သူ တရုတ်နိုင်ငံသား ၆ ယောက်ကိုတော့ မတွေ့ရပေမဲ့ သူတို့အားလုံးရဲ့ ကိုယ်ရေးအချက်အလက်တွေကို ရရှိထားပြီး ဖမ်းဆီးအ‌ရေးယူနိုင်ဖို့ ဆက်လက် ဆောင်ရွက်နေတယ်လို့  ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။ 

Source: Thairath TV / Thaiger News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013