
မြန်မာပြည်နယ်စပ် အွန်လိုင်းငွေလိမ်ကွန်ရက်တွေကြောင့် ၂၀၂၅ ခုနှစ်အတွင်းမှာ အမေရိကန်နိုင်ငံသားတွေ ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံ ဆုံးရှုံးခဲ့ပြီး မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေ အဆုံးသတ်ဖို့ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန လက်ထောက်ဝန်ကြီးက ပြောပါတယ်။
ဒီပမာဏဟာ ၂၀၂၄ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၅ ရာခိုင်နှုန်းအထိ အလိမ်ခံရတဲ့ ငွေကြေးပမာဏ ပိုများလာတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မိုက်ကယ် ဒီဆွမ်ဘရေးက ဒေသစံတော်ချိန် ဇွန် ၂၅ ရက်နေ့ အောက်လွှတ်တော်ကြားနာပွဲမှာ ပြောပါတယ်။
အမေရိကန်အောက်လွှတ်တော် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဆပ်ကော်မတီက ပြုလုပ်တဲ့ “အရှေ့အာရှနဲ့ ပစိဖိတ်ဒေသမှာ အမေရိကန်ပထမမူဝါဒကို အကောင်အထည်ဖော်ခြင်း” ကြားနာပွဲမှာ ဒီဆွမ်ဘရေးက မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေ အဆုံးသတ်ဖို့ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံသွားမယ်လို့လည်း ပြောပါတယ်။
အရှေ့အာရှနဲ့ ပစိဖိတ်ဒေသတွင်းမှာ တရုတ်အစိုးရက ပွင့်လင်းမြင်သာမှုမရှိဘဲ စစ်အင်အား ချဲ့ထွင်နေတာတွေကို တန်ပြန်ဖို့ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီးက အောက်လွှတ်တော်မှာ ရှင်းလင်းကြားနာခဲ့တာ ဖြစ်ပါတယ်။
Burma Research Institute တည်ထောင်သူ ဇိုသုန်းမှုန်က “လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကနေ မြန်မာနိုင်ငံနဲ့ ဆက်စပ်နေနဲ့ အွန်လိုင်းလိမ်လည်မှု ကွန်ရက်တွေက တိုးပွားလာနေတယ်၊ US အတွက် ခြိမ်းခြောက်မှုဖြစ်တယ် ဆိုတာကို အလေးပေးပြောခဲ့တယ်။ ၂၀၂၅ ခုနှစ်မှာ ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံအထိ သူတို့ ဆုံးရှုံးခဲ့တယ်။ အဲဒါက ၂၀၂၄ ခုနှစ်ထက် ၂၅ ရာခိုင်နှုန်း တိုးလာတယ်ဆိုတာ သူက ထောက်ပြခဲ့တယ်။ ကျားဖြန့်ကိစ္စက မြန်မာပြည်နဲ့ ဆက်စပ်နေတယ်ဆိုတာ သူက ပြောတယ်။ ဒီဟာက US ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တယ်လို့လည်း ပြောတယ်။ နောက်တခု သူပြောသွားတဲ့ဟာက မြန်မာပြည်ရဲ့ပဋိပက္ခကို အဆုံးသတ်ဖို့အတွက်ဆိုရင် အမေရိကန်အစိုးရအနေနဲ့ သက်ဆိုင်သူ အားလုံးပေါ့နော် ထိတွေ့ဆက်ဆံဖို့ အဆင်သင့်ရှိတယ်ဆိုတာ သူက အတည်ပြုသွားပါတယ်” လို့ ပြောပါတယ်။
အာရှ-ပစိဖိတ်ဒေသတွင်းမှာ တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ စစ်ရေးခြိမ်းခြောက်မှုကို တုံ့ပြန်ဖို့နဲ့ လုံခြုံရေးအကာအကွယ် ကွင်းဆက်တည်ဆောက်ဖို့ အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျ ၃ နိုင်ငံ ဖွဲ့စည်းထားတဲ့ AUKUS လုံခြုံရေးမဟာမိတ်အဖွဲ့မှာ ၂၀၂၅ နိုဝင်ဘာလစပြီး ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ အဆင့်လိုက် ဆွေးနွေးမှုတွေနဲ့ ပူးပေါင်းပါဝင်မှုတွေ ရှိလာခဲ့ပါတယ်။
အဲဒါအပြင် အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတို့ ပါဝင်တဲ့ Quad မဟာမိတ် ၄ နိုင်ငံ စုစည်းတဲ့နည်းလမ်းနဲ့လည်း အရှေ့အာရှဒေသတွင်းမှာ တရုတ်အစိုးရရဲ့ ဩဇာကြီးထွားလာတာကို ထိန်းညှိဖို့ အမေရိကန်အစိုးရက ပြင်ဆင်ခဲ့တာပါ။
ဒီစုဖွဲ့မှုတွေဟာ အင်ဒို-ပစိဖိတ်ဒေသတွင်း တည်ငြိမ်မှု၊ လုံခြုံရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့ ဖွဲ့စည်းကြောင်း အတည်ပြုထားပြီး လုပ်ငန်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ဇွန် ၂၅ ရက်နေ့ အမေရိကန်အောက်လွှတ်တော် ကြားနာပွဲမှာ ဒီစုဖွဲ့မှုတွေကနေတဆင့် တရုတ်ရဲ့ အာရှပစိဖိတ်ဒေသတွင်း အင်အားချဲ့ထွင်လာတာကို ထိန်းညှိဖို့နည်းလမ်းနဲ့ လုပ်ငန်းစဉ်တွေ ဆွေးနွေးကြားနာခဲ့ကြသလို ထိုင်ဝမ်၊ တိဘက်၊ ဝီဂါမွတ်စလင် အရေးတွေနဲ့အတူ မြန်မာပြည်နယ်စပ် ကျားဖြန့်အရေးကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ ငွေကြေးလည်ပတ်မှုတွေကို ဖြတ်တောက်ဖို့အတွက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ရှေ့ဆက်ပြီးတော့ လုပ်ဆောင်မဲ့ အဆင့်တွေ အဲဒါတွေကို အသေအချာ ရေးဆွဲနေတယ်ဆိုတာ ပါဝင်တယ်၊ အမေရိကန်တွေရဲ့ ဆုံးရှုံးမှုတွေကို ချပြပြီးမှ ဒီလုပ်ငန်းတွေရဲ့ ခရစ်ပတိုနဲ့ ဘဏ်စနစ်တွေကို သူတို့တွေက နှိမ်နင်းတော့မှာ ဖြစ်တယ်။ အဲဒီတော့ စစ်ကောင်စီရဲ့နောက်ကွယ်မှာ ဝင်ငွေရတဲ့လမ်းတွေကို ထိခိုက်စေမှာဖြစ်တယ်။ သံတမန်ရေးအရဆိုရင်လည်း သူက ပိုပြီးတော့မှ အထီးကျန်လာမှာဖြစ်တယ်၊ ဥက္ကဋ္ဌ ရန်းကင်မ်ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ဆက်ပြီးမှ တင်းကျပ်မယ် ဆိုတာကို အတည်ပြုလိုက်တဲ့ အတွက်ကြောင့်မို့ စစ်ကောင်စီအတွက် စီးပွားရေးအရ သက်သာရာရမဲ့လမ်း မရှိဘူး။ နောက်တခါ ဒေသတွင်းမှာ မဟာမိတ်တွေကတဆင့် ဖိအားပေးတာမျိုးတွေ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒီဆွမ်ဘရေးက ဝါရှင်တန်ဟာ တိုကျို၊ ဆိုးလ်၊ အာဆီယံနိုင်ငံတွေကို စစ်ကောင်စီရဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ အဆက်အသွယ်တွေကို လုံးဝဖြတ်တောက်ဖို့အတွက် ဖိအားပေးလာတာမျိုးတွေ ဖြစ်တဲ့အခါမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားငွေရရှိမှုတွေဟာ ပိုပြီးတော့မှ ပိတ်ဆို့သွားတာမျိုးတွေ ဖြစ်နိုင်တယ်ပေါ့” လို့ ပြောပါတယ်။
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒီဆွမ်ဘရေးက သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံမယ်လို့ အတည်ပြုခဲ့တာဖြစ်လို့ တော်လှန်ရေးဦးဆောင်အဖွဲ့တွေ၊ SCEF ၊ NUG ၊ တိုင်းရင်းသား အစုအဖွဲ့တွေဟာ စစ်အာဏာရှင်ကို ကျော်လွန်ပြီး နည်းပညာ၊ ရုပ်ဝတ္ထု၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ရရှိရေး ဆွေးနွေးနိုင်မဲ့ သံတမန်ရေးလမ်းတွေ ပိုပွင့်လာမဲ့ အခြေအနေ ရှိလာတာပါ။ စစ်အာဏာရှင်နဲ့အပြိုင် အားထုတ်မှုတွေကိုတော့ ပိုပြီးစိုက်ထုတ်ဖို့လိုမယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
မေ ၁၉ ရက်တုန်းကလည်း တရုတ်ကွန်မြူနစ်ပါတီဆိုင်ရာ အမေရိကန် အောက်လွှတ်တော် အထူးကော်မတီက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်တဲ့ ကြားနာ ပွဲပြုလုပ်ခဲ့ပြီး စုံစမ်းစစ်ဆေးရေး အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်း Scam Center တွေ၊ လူကုန်ကူးမှုတွေကို အမေရိကန်အစိုးရနဲ့ လွှတ်တော်ရဲ့ ချဉ်းကပ်တဲ့ပုံစံဟာ စစ်ရေး၊ နိုင်ငံရေးတင်မကဘဲ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုနှိမ်နင်းရေး ဘက်ကို အရှိန်မြှင့် တိုးချဲ့လာတဲ့သဘော ဖြစ်ပြီး ပိုပြီးထောင့်စေ့လာတာ တွေ့ရတယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးထားပါတယ်။
သုတချမ်းသာ










