
ဗင်နီဇွဲလားနိုင်ငံမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အင်အား ၇ ဒသမ ၂ နဲ့ ၇ ဒသမ ၅ ရှိတဲ့ အင်အားပြင်း အမြွှာငလျင် လှုပ်ခတ်ခဲ့တာကြောင့် ဇွန်လ ၂၆ ရက်အထိ သေဆုံးသူ ၉၂၀ စာရင်းဝင်လာပြီး ၃,၃၆၀ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဟော်ရ်ဟဲ ရိုဒရီဂတ်ဇ်က ပြောကြားခဲ့ပြီး အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူ ၁၇၂ ယောက် ရှိသေးတယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ ပျောက်ဆုံးနေသူတွေရဲ့ သတင်းပို့ချက်တွေကို လက်ခံဖို့ ဖွင့်လှစ်ထားတဲ့ ဝက်ဘ်ဆိုက် တခုရဲ့ အဆိုအရ သောကြာနေ့မွန်းတည့်ချိန်အထိ လူပေါင်း ၅၀,၀၀၀ ကျော် ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။
ငလျင်ကြောင့် ဆေးရုံ ၁၃ ခု၊ ကုန်တိုက် ၂၅ ခု အပါအဝင် အဆောက်အအုံ ၃၈၃ လုံး ပြိုကျ ပျက်စီးခဲ့ပြီး နောက်ထပ် အဆောက်အအုံ ၁,၀၀၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
သောကြာနေ့မွန်းလွဲပိုင်းအထိ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကူညီဖို့ နိုင်ငံတကာ ကယ်ဆယ်ရေးသမား ၈၇၁ ယောက် နိုင်ငံထဲကို ရောက်ရှိလာပြီလို့ လွှတ်တော်ဥက္ကဋ္ဌ ရိုဒရီဂတ်ဇ် က ပြောကြားခဲ့ပါတယ်။
မက္ကဆီကို၊ စပိန်၊ အယ်ဆာဗေဒိုနဲ့ ဒိုမီနီကန်သမ္မတနိုင်ငံတို့အပါအဝင် နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့တွေ စတင်ရောက်ရှိလာကြပြီလို့ ဆိုပါတယ်။
ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂတ်ဇ်က အထိနာဆုံးဒေသတခုဖြစ်တဲ့ လာဂွိုင်ရာ ပြည်နယ်မှာ အထပ်မြင့်အဆောက်အအုံတွေအပါအဝင် အဆောက်အအုံ အနည်းဆုံး ၁၀၀ လောက် ပြိုကျ ပျက်စီးသွားတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ လွယ်ကူစေဖို့နဲ့ လုံခြုံရေး စိတ်ချရဖို့အတွက် စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ထားရှိလိုက်ပြီလို့ သောကြာနေ့မှာ ပြောပါတယ်။
ဘေးဒုက္ခကြုံနေရတဲ့ ရပ်ကွက်တွေဆီ ကူညီကယ်ဆယ်ရေးတွေ အလုံအလောက် မရောက် လာသေးတာမို့ ဒေသခံတွေ စိတ်ပျက်နေကြပြီး၊ တချို့နေရာတွေမှာ ကရိန်းနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ မရှိတာကြောင့် ပြိုကျနေတဲ့ အဆောက်အအုံတွေကို လက်ဗလာတွေ၊ လက်လုပ် ကိရိယာတွေနဲ့ပဲ လိုက်လံ တူးဖော်နေကြရပါတယ်။
လူပေါင်း ၃,၀၀၇ ယောက် အိုးအိမ်စွန့်ခွာခဲ့ရပြီး လမ်းပေါ်မှာပဲ အိပ်စက်ကာ စားစရာ ရှာဖွေနေကြ ရပါတယ်။
လက်ရှိမှာ မက္ကဆီကို၊ စပိန်၊ အယ်ဆာဗေဒိုနဲ့ ဒိုမီနီကန်တို့က နိုင်ငံတကာကယ်ဆယ်ရေးသမား ၈၇၁ ဦး ရောက်ရှိလာပြီး အသက်ရှင်ကျန်ရစ်သူတွေကို ကယ်တင်နိုင်ဖို့ "ရွှေရောင်အချိန် (Golden hour)" မကျော်လွန်ခင် အချိန်နဲ့အမျှ လုပြီး ရှာဖွေနေကြပါတယ်။
ဗင်နီဇွဲလားအစိုးရဘက်ကလည်း နိုင်ငံတဝန်းက ဆေးဘက်ဆိုင်ရာဝန်ထမ်း ၅,၀၀၀ ကျော်ကို အရေးပေါ် စေလွှတ်ထားပြီး လာဂွိုင်ရာမှာ စစ်တပ်က နယ်လှည့် ကွင်းဆင်းဆေးရုံတခု ဆောက်လုပ် ပေးထားပါတယ်။
ဒီငလျင်ကြောင့် သေဆုံးသူတွေထဲမှာ တရုတ်နိုင်ငံသား ၇ ယောက် ပါဝင်တယ်လို့လည်း တရုတ်သံရုံး က အတည်ပြုထားပါတယ်။
ဒီဘေးအန္တရာယ်ဟာ နှစ်ပေါင်းများစွာ စီးပွားရေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှု၊ ပျက်စီးနေတဲ့ အခြေခံ အဆောက်အအုံတွေနဲ့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့အခြေချမှုတွေကြောင့် အားနည်း နေနှင့်ပြီးသားဖြစ်တဲ့ ဗင်နီဇွဲလားနိုင်ငံကို ပိုမို အထိနာစေခဲ့ပါတယ်။
Source: Reuters











