DVB Logo
Home
နိုင်ငံတကာ
မြန်မာငလျင်လှုပ်ခတ်ပြီးနောက် ထိုင်းအဓိကဆည်ကြီး ၆ ခု ဘေးကင်းကြောင်း ကြေညာ
DVB
·
May 20, 2026
Photo: tourismthailand
Photo: tourismthailand
Donate to DVB

မြန်မာနိုင်ငံမှာ မေ ၁၈ ရက် မနက်ပိုင်းက ငလျင်တွေ ဆက်တိုက်လှုပ်ခတ်သွားခဲ့ပြီးနောက် ထိုင်းနိုင်ငံရဲ့ အဓိကဆည်ကြီး ၆ ခုစလုံး ဘေးကင်းလုံခြုံစိတ်ချရတဲ့ အခြေအနေမှာ ရှိနေဆဲဖြစ်တယ်လို့ ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ (EGAT) က အတည်ပြုတဲ့အကြောင်း The Nation Thailand သတင်းမှာ ဖော်ပြပါတယ်။

ပထမဆုံးနဲ့ အပြင်းထန်ဆုံး လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ပမာဏ ရစ်ချ်တာစကေး ၅ ဒသမ ၃ ရှိပြီး မနက် ၉ နာရီ ၅ မိနစ်မှာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုကာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ၉ နာရီ ၁၈ မိနစ်မှာ ပမာဏ ၃ ဒသမ ၂ ရှိတဲ့ ငလျင်တခုနဲ့ မနက် ၁၁ နာရီ ၃၆ မိနစ်မှာ ပမာဏ ၂ ဒသမ ၇ ရှိတဲ့ ငလျင်တခုတို့ ထပ်မံလှုပ်ခတ်ခဲ့တာပါ။

ငလျင်လှုပ်ခတ်ပြီးနောက် EGAT ဟာ ထိုင်းနိုင်ငံအတွင်းက ပြတ်ရွေ့လိုင်းတွေနဲ့ နီးကပ်တဲ့ နေရာမှာရှိတဲ့ အဓိကဆည်ကြီးတွေကို လိုက်လံစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလိုစစ်ဆေးရာမှာ တာ့ခ်ခရိုင်ထဲက ဘူမိဘောဆည်၊ ဥတ္တရာဒစ်ခရိုင်ထဲက သီရိခေတ်ဆည်၊ ကန်ချနပူရီခရိုင်ထဲက ဗချီရာလောင်ကွန်းဆည်နဲ့ ဆီရိနဂရင်ဒ်ဆည်၊ ဆူရတ်ဌာနီခရိုင်ထဲက ရတ်ချာပရာဘာဆည်နဲ့ ယာလခရိုင်ထဲက ဘန်လန်းဆည် စတဲ့ အဓိကဆည်ကြီး ၆ ခုစလုံးမှာ ထူးခြားတဲ့ ပုံမှန်မဟုတ်မှုမျိုး ဘာမှမတွေ့ ရှိရဘူးလို့ ဆိုပါတယ်။

သူတို့ရဲ့ အဓိကဆည်ကြီးတွေကို ငလျင်ကြောင့်ဖြစ်ပေါ်လာတဲ့ မြေပြင်တုန်ခါမှု အရှိန် ၀ ဒသမ ၁ ကနေ ၀ ဒသမ ၂ ဂျီအထိ ခံနိုင်ရည်ရှိအောင် ဒီဇိုင်းထုတ် တည်ဆောက်ထားတာဖြစ်ပြီး နိုင်ငံတကာ ဘေးအန္တရာယ်ကင်းရှင်းရေး စံနှုန်းတွေနဲ့အညီ စောင့်ကြည့်တိုင်းတာရေး ကိရိယာတွေကိုလည်း တပ်ဆင်ထားတယ်လို့ EGAT က ဆိုပါတယ်။

ဒါကြောင့် ဆည်တွေရဲ့အောက်ဘက်မှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေ အနေနဲ့ရော အများပြည်သူပါ ဆည်တွေရဲ့ ကြံ့ခိုင်မှုအပေါ် စိတ်ချယုံကြည်မှုအပြည့် ထားရှိကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် သတိပေးချက်တွေ၊ ရေမျက်နှာပြင် အခြေအနေတွေနဲ့ ဆည်တွေရဲ့ တည်ငြိမ်ကြံ့ခိုင်မှုဆိုင်ရာ နောက်ဆုံးရ သတင်းအချက်အလက်တွေကို iEGAT ONE အက်ပလီကေးရှင်းကတဆင့် ၂၄ နာရီပတ်လုံး ဝင်ရောက်ကြည့်ရှုနိုင်တယ်လို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံမှာတော့ မြို့တော် ဘန်ကောက်နဲ့ အလယ်ပိုင်းခရိုင် ၆ ခုမှာ မေ ၁၇ ရက်ကနေ ၂၄ ရက်အထိ ပင်လယ်ဒီရေ မြင့်တက်နိုင်ကြောင်း ဘေးအန္တရာယ် ကာကွယ်ရေးနဲ့ လျော့ပါးရေး ဦးစီးဌာန (DDPM) က သတိပေးချက် ထုတ်ပြန်ထားတာပါ။

ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ ပင်လယ်ဒီရေ မြင့်တက်မှုကို စောင့်ကြည့်ကြဖို့ သတိပေးထားပြီး မြစ်ရေနဲ့ မြောင်းရေတွေဟာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်သွားနိုင်တယ်လို့ ခန့်မှန်းထားသလို ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် မြစ်ကမ်းနားနေထိုင်သူတွေနဲ့ ရေကာတာအပြင်ဘက်က နိမ့်ပါးတဲ့ နယ်မြေတွေမှာ ထိခိုက်မှုတွေ ရှိလာနိုင်တ​ယ်လို့ ဆိုပါတယ်။

ဒီကာလအတွင်း ညနေ ၇ နာရီကနေ ညသန်းခေါင်ကျော် ၁၂ နာရီခွဲအချိန်တွေမှာ ဒီရေ အမြင့်ဆုံး ဖြစ်လာနိုင်ပြီး ရေမျက်နှာပြင်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၁ ဒသမ ၈၀ မီတာကနေ ၁ ဒသမ ၉၀ မီတာအထိ မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒါဟာ စိုးရိမ်ရေမှတ်ထက် ၀ ဒသမ ၁၀ မီတာကနေ ၀ ဒသမ ၂၀ မီတာလောက် ပိုမြင့်နေတာကြောင့် မြစ်တွေ၊ မြောင်းတွေနဲ့ နိမ့်တဲ့ရပ်ကွက်တွေထဲကို ရေလျှံဝင်မဲ့အန္တရာယ် ပိုများနေတယ်လို့ ဆိုပါတယ်။

ဒီသတိပေးချက်ဟာ ဘန်ကောက်မြို့တော်မှာရှိတဲ့ မြစ်ကမ်းနားခရိုင်အားလုံး အကျုံးဝင်ပြီး အထူးသဖြင့် ရေကာတာတံတိုင်းတွေရဲ့ အပြင်ဘက်မှာရှိတဲ့ လူနေရပ်ကွက်တွေအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဒေသတွေမှာရှိတဲ့ ဒေသခံပြည်သူတွေအနေနဲ့ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်တွေကို အနီးကပ် စောင့်ကြည့်ကြဖို့၊ ပစ္စည်းပစ္စယတွေကို အမြင့်ပိုင်း ရွှေ့ပြောင်းထားကြဖို့နဲ့ ရေတက်လာရင် ပျက်စီးဆုံးရှုံးမှု ဒါမှမဟုတ် ဓာတ်လိုက်မှု အန္တရာယ်တွေကို လျှော့ချနိုင်ဖို့ လျှပ်စစ်ပစ္စည်းတွေကို စစ်ဆေးထားကြဖို့လည်း တိုက်တွန်းထားပါတယ်။

ပင်လယ်ဒီရေ မြင့်တက်မှုကို စောင့်ကြည့်ရမဲ့ ခရိုင်တွေကတော့ ပထုံဌာနီ၊ နွန်ထာပူရီ၊ နခွန်ပထုံ၊ စမွတ်ပရာကန်၊ စမွတ်ဆာခွန်နဲ့ စမွတ်စောင်ခမ်တို့ ဖြစ်ကြပြီး အဆိုပါ ခရိုင် ၆ ခုရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေ၊ ဘန်ကောက်မြို့တော် စီမံခန့်ခွဲရေးကော်မတီ (BMA) နဲ့ အန္တရာယ်ရှိဇုန်တွေထဲက DDPM ဒေသဆိုင်ရာစင်တာတွေနဲ့ ပူးပေါင်းချိတ်ဆက်ထားတ​ယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကမ်းနားမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ရေကာတာတည်ဆောက်ရေး လုပ်ငန်းခွင်တွေနဲ့ ရေပေါ်စားသောက်ဆိုင်တွေကိုလည်း အထူးသတိထားကြဖို့ အကြံပြုထားသလို ရေကြီးရေလျှံမှုရှိခဲ့ရင် ပြည်သူတွေကို ချက်ချင်းကူညီနိုင်ဖို့အတွက် ဘေးအန္တရာယ်တုံ့ပြန်ရေး စက်ယန္တရားတွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေကို ပြင်ဆင်ထားတယ်လို့ DDPM က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013