
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ မေ ၁ ရက်က ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေးနေ့) ကို ဂုဏ်ပြုတဲ့အနေနဲ့ ရွေ့ပြောင်းအလုပ်သမားတွေ အပါအဝင် အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေ စုပေါင်းပြီး ထိုင်းနိုင်ငံရဲ့ လူမှုဖူလုံရေးစနစ်ကို အရေးပေါ် ပြုပြင်ပြောင်းလဲပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
“လူမှုဖူလုံရေးမရှိရင် လုံခြုံမှုမရှိဘူး” (No Social Security, No Security) ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျင်းပတဲ့ ဒီလှုပ်ရှားမှုကို မြောက်ပိုင်းအလုပ်သမားကွန်ရက် (Northern Labour Network) က ဦးဆောင်စီစဉ်တာဖြစ်ပြီး ချင်းမိုင်မြို့လယ် ဗုဒ္ဓဆထန်မှာ စုဝေးပြီးနောက် မီးရထားဌာနပန်းခြံဆီကို ချီတက်ခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ၊ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ပညာရှင်တွေ အများအပြား ပါဝင်ခဲ့ကြပါတယ်။
ချင်းမိုင်ရဲ့ မေဒေးနေ့ဟာ တခြားခရိုင်တွေနဲ့မတူဘဲ ဆန္ဒပြတောင်းဆိုမှုအပြင် ယဉ်ကျေးမှု ဖျော်ဖြေပွဲတွေ၊ လူထုစကားဝိုင်းတွေကိုပါ ထည့်သွင်းကျင်းပတဲ့အတွက် ထူးခြားမှုရှိတယ်လို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။
မြောက်ပိုင်းအလုပ်သမားကွန်ရက် အထွေထွေအတွင်းရေးမှူး ဆတ်ခ်စုဖာလတ် ဘမ်ရွန်ကစ်က "ကျနော်တို့ ဒီမေဒေးနေ့ ချီတက်ပွဲကို နှစ်တိုင်းကျင်းပပါတယ်။ တခြားနေရာတွေနဲ့မတူဘဲ ကျွန်တော်တို့ဆီမှာက ရွှေ့ပြောင်းအလုပ်သမားတွေအပါအဝင် လူတိုင်းစုဝေးပြီး ပျော်ပျော်ပါးပါးနဲ့ ကိုယ့်အခွင့်အရေးကိုယ် တောင်းဆိုနိုင်တဲ့ နေရာတခုဖြစ်အောင် ဖန်တီးထားတာပါ။ ပိုမိုညီမျှပြီး ပိုကောင်းတဲ့ကမ္ဘာကြီးကို မြင်ချင်တဲ့သူတွေအတွက် ပလက်ဖောင်းတခု ဖြစ်စေချင်တာပါ" လို့ ဆိုပါတယ်။
ဒီလှုပ်ရှားမှုရဲ့ အဓိက တောင်းဆိုချက်တွေထဲမှာတော့ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းဒဏ်၊ စီးပွားရေး ကျပ်တည်းမှုတွေနဲ့ လက်ရှိ ထိုင်းနိုင်ငံရဲ့ လူမှုဖူလုံရေးစနစ်မှာ ရှိနေတဲ့ အားနည်းချက်တွေကို ထောက်ပြထားပါတယ်။
အထူးသဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်အမျိုးအစားပေါ် မူတည်ပြီး ခွဲခြားဆက်ဆံခံရတာမျိုးမရှိဘဲ လူမှုဖူလုံရေးအကျိုးခံစားခွင့် ရရှိဖို့ တောင်းဆိုခဲ့ကြပါတယ်။
ရွှေ့ပြောင်းလုပ်သားပညာပေးရေး ဆောင်ရွက်နေတဲ့ MAP Foundation မှထောင်းခမ်းက "ရွှေ့ပြောင်းအလုပ်သမား အလုပ်လုပ်တဲ့အပေါ် မူတည်ပြီးတော့ ဥပမာ စိုက်ပျိုးရေးတို့၊ အိမ်အကူ အလုပ်သမားတို့၊ ပြီးတော့ ပန်းရံအလုပ်သမားတွေဆိုလည်း ဒီလူမှုဖူလုံရေး ပါဝင်နိုင်အောင် စွမ်းဆောင်ပြီးတော့ တောင်းဆိုပေးတာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ တချို့အလုပ်ရှင်တွေက သွားပြီးတော့ ပကန်စခွန် (လူမှုဖူလုံရေးကြေး) မသွင်းပေးဘူးပေါ့နော်။ ကျန်းမာရေးက ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အဓိက အရေးကြီးတဲ့ အချက်အလက် ဖြစ်ပါတယ်။ ကျန်းမာရေး မကောင်းဘူးဆိုရင်လည်း ငွေကုန်ကြေးကျ အကုန်လုံး ကုသခများတဲ့အတွက်ကြောင့် အလုပ်သမားတွေလည်း မတတ်နိုင်တဲ့အတွက်ကြောင့် ဖြစ်နိုင်ရင် အကုန်လုံး ပကန်စခွန် (လူမှုဖူလုံရေးကြေး) သွင်းပေးစေချင်တာပေါ့နော်" လို့ ပြောပါတယ်။
ဒီဆန္ဒပြပွဲမှာ ပါဝင်သူတွေဟာ အလုပ်သမားအခွင့်အရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို အစိုးရက ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ကြသလို၊ ကမ္ဘာတဝန်းက အလုပ်သမားထုနဲ့အတူ တသားတည်းရှိကြောင်း ပြသခဲ့ကြပါတယ်။










