DVB Logo
Home
မြန်မာသတင်း
အနိမ့်ဆုံးလုပ်ခ ကျပ် ၁၀,၀၀၀ အောက် စက်ရုံများ၌ လုပ်ခတိုး တောင်းဆိုမှု ဆက်ရှိနေ
ဇွဲသစ်
·
August 17, 2026
Spring Moon Garment စက်ရုံ အလုပ်သမားများ။ (Photo: STUM)
Spring Moon Garment စက်ရုံ အလုပ်သမားများ။ (Photo: STUM)
Donate to DVB

အနိမ့်ဆုံးလုပ်ခ ကျပ် ၁၀,၀၀၀ အောက်သာရတဲ့ ရန်ကုန်မြို့က အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားတွေ ရာနဲ့ချီ လုပ်ခလစာ တိုးပေးဖို့ စုပေါင်း တောင်းဆိုနေကြပါတယ်။

လက်ရှိ ခေတ်ကာလ ကုန်ဈေးနှုန်းနဲ့ တရက်လုပ်အားခ ၇,၈၀၀ ဝန်းကျင်ဟာ လောက်ငမှု မရှိဘူးလို့ အလုပ်သမားတွေက ပြောဆိုနေကြပါတယ်။

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် အရှေ့ဒဂုံစက်မှုဇုန်က တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၇၀၀ ကျော်က လုပ်ခလစာနဲ့ ခံစားခွင့်တွေ တိုးမြှင့်ပေးဖို့ ဩဂုတ် ၁၃ ရက်ကစပြီး စုပေါင်းတောင်းဆိုနေကြပါတယ်။

အလုပ်သမားတွေဟာ လက်ရှိ တရက်လုပ်ခ ၇,၈၀၀ ကျပ်ကနေ ၁၃,၀၀၀ ကျပ်၊ အချိန်ပိုကြေး ၁,၉၅၀ ကနေ ၂,၅၀၀ ကျပ်နဲ့ ရက်မှန်ကြေး ၂၀,၀၀၀ ကနေ ၅၀,၀၀၀ ကျပ်အထိ တိုးမြှင့်ပေးဖို့ တောင်းဆိုနေတာပါ။

အလုပ်သမားတွေက လုပ်ခလစာ နည်းပါးမှုကြောင့် ဇွန်လကတည်းက အလုပ်ထွက်သူတွေ ရှိခဲ့ပြီး ခေါင်းဆောင်တွေကတဆင့် လုပ်ခတိုးမြှင့်ပေးဖို့ စက်ရုံဘက်ကို အသိပေး တောင်းဆိုခဲ့ပေမဲ့ တိုးမြှင့်ပေးတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဩဂုတ် ၁၃ ရက်မှာ အလုပ်သမားရုံး တာဝန်ရှိသူတွေ လာရောက်ညှိနှိုင်းခဲ့ပေမဲ့ လုပ်ခတိုးမြှင့်ရေးအတွက် ပြေလည်မှုမရသေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

စက်ရုံအလုပ်သမတယောက်က “အခုလက်ရှိ စားစရိတ်တွေဆိုတာ တနေ့ကိုတောင် ၂၀,၀၀၀ လောက် အောက်ထစ်ရှိတယ်လေ။ ဒီ ဆန်ဈေး၊ ဆီဈေးက အစပေါ့နော်။ အဲဒါကြောင့်မို့လို့လည်း နည်းနည်းပါးပါး ထပ်ပြီးတော့ တောင်းဆိုတာပေါ့” လို့ ပြောပါတယ်။

စက်ရုံဝင်းအတွင်း ကြွေးကြော်ဆန္ဒပြနေတဲ့ အလုပ်သမားတွေကို နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေက ကြွေးကြော်တာမလုပ်ဖို့ လာရောက် ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားအရေး လှုပ်ရှားသူတွေကတော့ လက်ရှိသတ်မှတ်ထားတဲ့ အနိမ့်ဆုံးလုပ်ခဟာ လက်တွေ့ အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ ကုန်ကျစရိတ်နဲ့ မကိုက်ညီတော့တာကြောင့် စက်ရုံတရုံနဲ့တရုံ လုပ်ခနှုန်းထား ကွာဟမှုတွေက စုပေါင်းတောင်းဆိုမှုတွေ ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတခု ဖြစ်တယ်လို့ ပြောပါတယ်။

ပြည်တွင်းအလုပ်သမားအရေး လှုပ်ရှားသူတယောက်က “အဓိက ပြောရလို့ရှိရင်တော့ နှုန်းထားတခုက အစိုးရဘက်က တိတိကျကျ သတ်မှတ်ထားတာက ၇,၈၀၀ ပေါ့။ အဲဒီဈေးနှုန်းကတော့ အပြင်မှာ ပေါက်ဈေးမဟုတ်ဘူး။ အပြင်ပေါက်ဈေးကတော့ အနည်းဆုံး ၁၂,၀၀၀ ကနေ စတယ်။ အဲ့တော့ လုပ်သားတွေ သိထားတာမှာ ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်နှုန်းတောင်းလဲပေါ့။ အလုပ်ရှင်တွေအနေနဲ့ကလည်း ကိုယ့်ဘေးပတ်လည် စက်ရုံတွေမှာ ဘယ်နှုန်းပေးထားလဲပေါ့။ အဲ့ပေါ်မှာ လိုက်ပြီးတော့ ပေးရမှာပဲ။ ဘရန်းဒ် မကောင်းပေမဲ့လည်း ကိုယ့်ပတ်ဝန်းကျင်က ၁၂,၀၀၀ ပေးရင် ၁၂,၀၀၀ လိုက်ပေးရမယ်။ အခု အားလုံးကတော့ အောက်ထစ်က ၁၂,၀၀၀ ရဲ့ အထက်မှာပဲရှိတယ်။ ၁၂,၀၀၀ အထိတော့ တိုးပေးမှ အဆင်ပြေလိမ့်မယ်။ အပြင်ပေါက်ဈေး ပေးမထားတဲ့ စက်ရုံတွေကတော့ အခုလိုမျိုး ပြဿနာ ရင်ဆိုင်ရမှာပဲ” လို့ ပြောပါတယ်။

စုပေါင်းတောင်းဆိုမှုတွေဟာ ရန်ကုန်က အထည်ချုပ်စက်ရုံတွေမှာ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။

အရှေ့ဒဂုံစက်မှုဇုန်က Global ACE Uniform စက်ရုံမှာလည်း အလုပ်သမားတွေက တရက်လုပ်ခကို ကျပ် ၁၂,၀၀၀ နဲ့ အချိန်ပိုကြေး ကျပ် ၂,၂၀၀ အဖြစ် တိုးပေးဖို့ တောင်းဆိုခဲ့ကြပြီး ညှိနှိုင်းမှုတွေ ဆက်လုပ်နေပါတယ်။

လှိုင်သာယာမြို့နယ်က Spring Moon Garment စက်ရုံမှာလည်း အလုပ်သမားတွေက လုပ်ခတိုးမြှင့်ပေးဖို့ ရက်ပေါင်း ၃၀ ကျော် စုပေါင်းတောင်းဆိုခဲ့ပြီး ဩဂုတ် ၁၁ ရက်မှာတော့ အလုပ်ရှင်နဲ့ အလုပ်သမားကြား သဘောတူညီမှု ရရှိခဲ့ပါတယ်။

၂၀၂၅ ခုနှစ်အတွင်း ရန်ကုန်နဲ့ ပဲခူးက အထည်ချုပ်စက်ရုံ အနည်းဆုံး ၁၂ ရုံထက်မနည်း စုပေါင်းတောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

လက်ရှိ ကုန်ဈေးနှုန်းနဲ့ ကိုက်ညီဖို့ဆိုရင် အနိမ့်ဆုံးလုပ်ခက ငွေကျပ် ၁၅,၀၀၀ အထက်မှာ ရသင့်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013