DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စက်သုံးဆီပြတ်လပ်မှုကြောင့် ဆီဆိုင် ၁၅ ဆိုင်ထက်မနည်း အရောင်းရပ်
DVB
·
March 20, 2026
Photo: Taw Win
Photo: Taw Win
Donate to DVB

ဧရာဝတီတိုင်းမှာ ဒီဇယ်နဲ့ ဓာတ်ဆီတွေ ပြတ်လပ်လာမှုကြောင့် ဆီဆိုင် ၁၅ ဆိုင်ထက်မနည်း အရောင်းရပ်ထားရတယ်လို့ ဧရာဝတီတိုင်းက စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

မတ်လ ဒုတိယအပတ်က စတင်ပြီး စက်သုံးဆီခွဲတမ်း ရရှိမှု လျော့နည်းလာတာ၊ လိုသလောက် မရတာ၊ လုံးဝမရတဲ့ရက်တွေ ရှိလာတာကြောင့် ဧရာဝတီတိုင်းထဲက စက်သုံးဆီအရောင်းဆိုင် ၁၅ ဆိုင်ထက်မနည်း လုံးဝ အရောင်းရပ်ထားရတဲ့အထိ ဖြစ်လာတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း ရေကြည်မြို့နယ်က စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “စက်သုံးဆီရရှိမှုက တရက်ထက်တရက် ဆိုးလာတယ်။ စက်သုံးဆီက လိုသလို မရတဲ့အတွက် ရောင်းရတာ အဆင်မပြေဘူး။ စက်သုံးဆီ ရောင်းရတာကလည်း ရောင်းတဲ့ဘက်ကော ဝယ်တဲ့ဘက် ကော ဘယ်လိုမှ အဆင်မပြေတဲ့အခြေအနေ ရောက်နေလို့ ပိတ်လိုက်ရတာပါ” လို့ ပြောပါတယ်။

စက်သုံးဆီ ပြတ်လပ်လာမှုကြောင့် ဧရာဝတီတိုင်းထဲက ဟိုင်းကြီးကျွန်း၊ ငပုတော၊ ရေကြည်၊ လပွတ္တာ၊ ပုသိမ်၊ မြောင်းမြ၊ လေးမျက်နှာ၊ သာပေါင်း၊ ငရုတ်ကောင်း စတဲ့မြို့နယ်တွေက စက်သုံးဆီ အရောင်းဆိုင်တွေ ရပ်ဆိုင်းသွားတာလို့ သိရပါတယ်။

လပွတ္တာမြို့နယ်က အငှားယာဉ်မောင်းလုပ်ကိုင်သူတယောက်က “ကျနော်တို့အနေနဲ့က တော်တော်ကို အခက်အခဲရှိနေတာ။ နိုင်ငံရေးကြောင့် ခရီးသည်တွေ သွားလာမှု လျော့နည်းနေတဲ့အချိန် ရသလိုလေး လုပ်နေရတာ။ အခုတခါ စက်သုံးဆီဈေးတက်လို့ ကိုယ်ကပါ ဈေးတက်လိုက်တော့ စီးတဲ့သူက မရှိသလောက် ဖြစ်သွားတယ်။ အခုဆို ဆီက ဝယ်မရတဲ့အထိပါ ဖြစ်နေတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ လတ်တလော စစ်ကောင်စီသတ်မှတ်တဲ့ စက်သုံးဆီဈေးဟာ ဓာတ်ဆီ 92 တလီတာ ၃,၇၀၀ ကျပ်ဝန်းကျင်၊ ဓာတ်ဆီ 95 တလီတာ ကျပ် ၄,၀၀၀ ဝန်းကျင် ဖြစ်ပေမဲ့ ပြင်ပဈေးကွက်မှာ ဓာတ်ဆီ 92 တလီတာ ကျပ် ၆,၅၀၀ ကနေ ၇,၅၀၀၊ ဓာတ်ဆီ 95 တလီတာ ကျပ် ၇,၅၀၀ ကနေ ၈,၅၀၀ အထိ ဈေးတက်လာပြီး ဝယ်ယူရရှိမှုပါ ခက်ခဲလာကာ ဒီဇယ်တဂါလံ ကျပ် ၂၈,၅၀၀ အထိ ဈေးပေါက်နေတယ်လို့ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တွေဆီက သိရ ပါတယ်။

ဧရာဝတီတိုင်းမှာ စက်သုံးဆီအရောင်းဆိုင်တွေ ရပ်ဆိုင်းလာတာ၊ ဆီဈေးနှုန်း အဆမတန် ထိုးတက် လာတာ၊ ဆီကို လိုသလောက် မရတာတွေကြောင့် စက်ဆုံးဆီကို အဓိက အသုံးပြု လုပ်ကိုင်နေရတဲ့ ပို့ဆောင်ရေးလုပ်ငန်း၊ အသေးစား၊ အလတ်စား အိမ်တွင်းမှု၊ စက်မှုလက်မှုလုပ်ငန်းစတဲ့ လုပ်ငန်း တွေပါ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013