
ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ် (EAO) တွေကို ခွဲခြား ဆောင်ရွက်ဖို့ ဧပြီ ၂၁ ရက်မှာ ကျင်းပတဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ပြောပါတယ်။
PDF တွေဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသာမှုတွေဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်း စစ်တပ်က နိုင်ငံတော် တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့အပေါ် သဘောထားကွဲလွဲပြီး လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ် ကို လျှောက်လမ်းရင်း ပေါ်ပေါက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
PDF တွေဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း အဖျက်အမှောက်လုပ်ရပ်တွေ ကျူးလွန်ခဲ့ပြီး ၂၀၂၄ ခုနှစ်နောက်ပိုင်းမှာတော့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာပြီး တိုင်းပြည်တည်ငြိမ်ရေး အတွက် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ပါဝင်လာတယ်လို့ ဆိုပါတယ်။
EAO အဖွဲ့တွေ အနေနဲ့ကတော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေနဲ့ လက်မှတ်မထိုးထားတဲ့အဖွဲ့တွေကို တွေ့ဆုံညှိနှိုင်းပြီး ဆောင်ရွက်ဖို့ လိုတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့ကတော့ သူတို့ ကိုယ်ကျိုးအတွက် လက်နက်ကိုင် ဆောင်ရွက်နေတယ်လို့ စစ်အာဏာရှင်သမ္မတမင်းအောင်လှိုင်က ဝေဖန်သွားပါတယ်။
တချိန်တည်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင်တပ် (EAO)တွေအားလုံးကို NCA လမ်းကြောင်း အတိုင်း ဆွေးနွေးကြဖို့ ဖိတ်ခေါ်တဲ့အကြောင်း စစ်အာဏာရှင် ဩဇာခံ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက ဧပြီ ၂၁ ရက် ရက်စွဲနဲ့ ထုတ်ပြန် ကြေညာပါတယ်။
NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ၊ မထိုးရသေးတဲ့အဖွဲ့တွေနဲ့ NCA လမ်းကြောင်းကနေ သွေဖည် နေတဲ့ အဖွဲ့တွေအားလုံး လာမဲ့ ဇူလိုင် ၃၁ ရက်မတိုင်ခင် ဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ ကော်မတီရဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်ဖို့နဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး အခုလို ဖိတ်ခေါ်တာဖြစ်ကြောင်း၊ ညှိနှိုင်းရေးကော်မတီနဲ့ ဆက်သွယ်ဆောင်ရွက်ကြဖို့ ကိုလည်း ထုတ်ပြန်ချက်မှာ အသိပေး ပြောဆိုထားပါတယ်။
လက်ရှိ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန် တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်ကတော့ စစ်အာဏာသိမ်းကတည်းက NCA ပျက်သွားပြီဖြစ်လို့ ဖိတ်ခေါ်မှုကို ပယ်ချထားပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုထားကြ ပါတယ်။











