DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် အရေးပေါ် စားနပ်ရိက္ခာ လိုအပ်သူများကို EU က ယူရို ၈ သန်း ကူညီ
DVB
·
May 18, 2026
Photo: WFP
Photo: WFP
Donate to DVB

ဥရောပသမဂ္ဂ (EU) ဟာ ကမ္ဘ့ာစားနပ်ရိက္ခာအစီအစဉ် (WFP) ကတဆင့် ပူးပေါင်းပြီး မြန်မာနိုင်ငံက အရေးပေါ်လိုအပ်နေတဲ့ စားနပ်ရိက္ခာနဲ့ အာဟာရအထောက်အပံ့တွေ ပေးအပ်နိုင်ဖို့ ယူရို ၈ သန်း ကူညီလိုက်တယ်လို့ WFP က မေ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ ၁၂ ဒသမ ၄ သန်းဟာ ဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်နေကြရပြီး ဒါဟာ နိုင်ငံရဲ့ လူ ၄ ယောက်မှာ ၁ ယောက်နှုန်းခန့် ပမာဏခန့်ရှိပြီး နိုင်ငံရဲ့ လူဦးရေ ၃ ဒသမ ၇ သန်းဟာလည်း ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတယ်လို့ ပြောထားပါတယ်။

နိုင်ငံတဝန်းမှာ စားသောက်ကုန်ဈေးနှုန်းတွေဟာ ဆက်တိုက်မြင့်တက်နေပြီး မိသားစုတွေ ခက်ခက်ခဲခဲ ရုန်းကန်ရှင်သန်နေကြရသလို လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေဟာလည်း ပိုမိုများပြားလာနေတယ်လို့ WFP က ဆိုပါတယ်။

EU ရဲ့ အရေးလှပါတဲ့ အခုလို ထောက်ပံ့မှုကနေတဆင့် WFP ဟာ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ ကလေးငယ်တွေအတွက် အထူးအာဟာရ အထောက်အပံ့တွေ ပေးသွားမှာဖြစ်သလို ပဋိပက္ခ၊ နေရပ်စွန့်ခွာရမှု၊ စီးပွားရေးအခက်အခဲနဲ့ ပိုဆိုးရွားလာတဲ့ စားနပ်ရိက္ခာ အခက်အခဲတွေကြောင့် ထိခိုက်ခံစားနေရတဲ့ မိသားစုတွေအတွက် အရေးပေါ် စားနပ်ရိက္ခာ အကူအညီတွေ ပေးအပ်သွားမယ်လို့ ပြောထားပါတယ်။

အခြေခံစားသောက်ကုန်စျေးနှုန်းတွေဟာ တနိုင်ငံလုံးအနှံ့ ၁၈ ရာခိုင်နှုန်းထိ မြင့်တက်နေပြီး မကွေးတိုင်းဒေသကြီးမှာ ၃၈ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်မှာ ၃၂ ရာခိုင်နှုန်းနဲ့ ရခိုင်ပြည်နယ်မှာ ၃၁ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးအဖြစ် အသီးသီး မြင့်တက်နေတယ်လို့လည်း ပြောပါတယ်။

မြန်မာပြည်သူတွေဟာ ပြည်တွင်း ပဋိပက္ခတွေအပြင် အရှေ့အလယ်ပိုင်း ပြဿနာတွေကလည်း နိုင်ငံရဲ့ လူတန်းစားအားလုံးအပေါ်မှာ ရိုက်ခတ်မှုရှိလာတယ်လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မိုက်ကယ်ဒန်းဖော့ဒ်က ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု အခြေအနေတွေဟာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေလို ပြည်တွင်းအကြောင်းရင်းတွေပေါ်မှာပဲ အခြေခံနေတာ မဟုတ်တော့ပါဘူး။ အခုဆိုရင် ကမ္ဘာလုံးဆိုင်ရာ ရိုက်ခတ်ချက်တွေဟာလည်း ဈေးဆိုင်တွေ၊ လယ်ယာစိုက်ခင်းတွေနဲ့ မိသားစုတွေဆီကိုပါ တိုက်ရိုက် သက်ရောက်လာနေပြီ ဖြစ်ပါတယ်။”

ကမ္ဘ့ာစားနပ်ရိက္ခာအစီအစဉ် (WFP) ဟာ ရန်ပုံငွေရရှိမှု နည်းပါးတာကြောင့် နိုင်ငံတဝန်းက ကူညီထောက်ပံ့မှုများကိုလည်း ဆက်တိုက်လျှော့ချနေရတဲ့အတွက် နိုင်ငံတဝန်းလုံးက စစ်ဘေးရှောင်တွေနဲ့ အကူအညီ လိုအပ်နေသူတွေဟာ စားဝတ်နေရေး ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက နိုင်ငံတဝန်းလုံးမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် လူဦးရေ ၃ ဒသမ ၇ သန်းကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013