DVB Logo
Home
Lead Story
“ပါတီနိုင်ငံရေး လုံးဝကင်းစင်တဲ့ ကော်မရှင်မျိုးလိုချင်တယ်” ဦးဉာဏ်ဝင်းနှင့် ဒီဗွီဘီမေးမြန်းချက်
DVB
·
May 26, 2015
“ပါတီနိုင်ငံရေး လုံးဝကင်းစင်တဲ့ ကော်မရှင်မျိုးလိုချင်တယ်”  ဦးဉာဏ်ဝင်းနှင့် ဒီဗွီဘီမေးမြန်းချက်
Donate to DVB

၂၀၁၅ အထွေထွေရွေးကောက်ပွဲကို လက်ရှိအစိုးရသက်တမ်း မကုန်ခင် ရက်ပေါင်း ၉ဝ အတွင်း လာမယ့် အောက်တိုဘာလကုန်နဲ့ နိုဝင်ဘာလ ပထမပတ်မှာ ကျင်းပမယ့်လို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အကြီးအကဲက ပြောထားပါတယ်။ ဒီရွေးကောက်ပွဲအတွက် လက်ရှိ  ကြိုတင်ပြင်ဆင်နေမှုတွေနဲ့ ပတ်သက်လို့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်တဲ့  ဦးဉာဏ်ဝင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲကျင်းပဖို့ အချိန်က ၅ လလောက်ပဲလိုတော့တယ်ဆိုတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှု ရာခိုင်နှုန်း ဘယ်လောက် အသင့်ဖြစ်နေပြီလဲ။

“အသင့်ဆိုတဲ့အနေအထားကို ကျနော်တို့ မပြောနိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခု ထက်ထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရက် တရားဝင်ကြေညာချက် မရှိသေးဘူး။ ဒါပေမယ့် ကြိုတင်ပြီးတော့ အန်ကယ်တို့ ပြင်ဆင်မှုတွေက အောင်နိုင်ရေး အဖွဲ့တွေ အဆင့်ဆင့်ခွဲတယ်၊ မပြီးပြတ်သေးပါဘူး။ ၅၀ ရာခိုင်နှုန်းတ၀က် လောက်တော့ ပြီးပါပြီ။ နောက်ပညာပေးလုပ်ငန်းတွေလည်း ဆက်တိုက်လုပ်နေပါတယ်။ အဲဒီဟာတွေ ကတော့ လောလောဆယ် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းတွေ အနေနဲ့ လုပ်နေတာပါ။”

ပါတီကိုယ်စားလှယ်လောင်းတွေအနေနဲ့ရော  အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊  ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်နေရာတွေအားလုံးမှာ ၀င်ပြိုင်မှာလား။ ဘယ်နှနေရာ လောက်မှာ ၀င်ပြိုင်ဖို့ရှိမလဲ၊  အနည်းဆုံး ကိုယ်စားလှယ်လောင်းနေရာ ၁၀၀၀ ကျော် ၀င်ပြိုင်မယ်လို့လည်း ခန့်မှန်းပြောနေတာ တွေ့ရပါတယ်။ ဒါဟုတ်ပါသလား။

“ကျနော်တို့ ကိုယ်စားလှယ်လောင်းရွေးချယ်ရေးနဲ့ ပတ်သက်ပြီး  ကြေညာချက်လည်း မထုတ်ရသေးပါဘူး။ ဖွဲ့လည်းမဖွဲ့စည်းရသေးပါဘူး။ ရွေးချယ်ခြင်းလည်း မလုပ်ရသေးပါဘူး။  ကျနော်တို့  အားလုံးမှာ ပြိုင်နိုင်ဖို့ကြိုးစားမယ်။ နေရာအားလုံးမှာ ၀င်ရောက်ပြိုင်ဖို့ ကြိုးစားမယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့  ကိုယ်စားလှယ်လောင်းတွေရွေးချယ်ရာမှာ  ဘယ်လို ပုံစံနဲ့ ဘယ်လိုမူတွေနဲ့ ရွေးသွားဖို့ရှိနေပါသလဲ။ မနေ့ကလည်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ စီအီးစီ တချို့ နေပြည်တော်မှာ ဒီကိစ္စဆွေးနွေးတယ်ကြားပါတယ်။

“ကျနော်တို့ တရားဝင်ဘာမှ မထုတ်ရသေးပါဘူး။ ပုံစံဆိုတာတော့ အောက်ခြေကနေစမှာပဲ ကိုယ်စားလှယ်လောင်း အောက်ခြေကနေ စမယ်။ မြို့နယ်လောက်ကစပြီး ဗဟိုအထိလာမယ်။ နောက် သီးခြားစိစစ်ရေးအဖွဲ့တဖွဲ့ရှိမယ်။ သီးခြားဆိုတာက အန်အယ်လ်ဒီမဟုတ်သော  လူကြီးလူကောင်းများ စိစစ်တဲ့ အဖွဲ့တဖွဲ့ရှိမယ်။ နောက်ဆုံး အဓိကကတော့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ပါပဲ။”

ရွေးကောက်ပွဲမတိုင်ခင် လက်ရှိအချိန်ထိ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေတွေနဲ့ ဆောင်ရွက်ချက်တွေ ပတ်သက်လို့ရော  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရာနှုန်းပြည့် အားရ ကျေနပ်မှု ရှိပါသလား။ အထူးသဖြင့် ကြိုတင်မဲ ပြဿ နာမဖြစ်အောင်ဆောင်နေမှုအပေါ် ဘယ်လို မြင်ပါသလဲ။

“ကြိုတင်မဲပြဿ  နာက အခုမရှိသေးဘူး။ ဥပဒေ စာအုပ်ထဲမှာကတော့ အားလုံးကောင်းတယ်။ လက်တွေ့ကြရင် ဘယ်လိုနေမလဲကြည့်ရမယ်။ ဘာဖြစ်လို့ ကျနော် ဒီလိုပြောနေလဲဆိုတော့ အခုမဲစာရင်းတွေကြေညာတယ်။ မဲစာရင်းတွေမှာ အမှားအယွင်းတွေ တကယ့်ကို  မဖြစ်သင့်တဲ့ အမှားမျိုးတွေ အများကြီးတွေ့တယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ကြိုတင်မဲလည်း  နောက်ဆုံး အကြိမ် တကယ့်လက်တွေ့လုပ်တာအပေါ် ကြည့်ပြီးမှပဲ ပြောလို့ရပါမယ်။”

ပြီးခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ဖြစ်ခဲ့တဲ့ မဲပြားပေါ်မှာ ဖယောင်းသုတ်တဲ့ ပြဿ  နာမဖြစ်အောင် အခု လာမယ့်ရွေးကောက်ပွဲမှာ တံဆိပ်တုံးနှိပ်ပြီးမဲပေးဖို့  ကော်မရှင်က စီစဉ်နေတာ တွေ့ပါတယ်။ ဒီလို တံဆိပ်တုံးနဲ့ နှိပ်မဲပေးရင်ကော အမှားအယွင်းတွေ၊ မဲမသမာမှုတွေ ဖြစ်နိုင်ချေ မရှိဘူးလား။

“ကျနော်သိသလောက်တော့ အဲဒီလိုပဲကြားတယ်။ ဒါပေမယ်လို့  ဒီနေ့ထိ တရားဝင် ကြေညာတာ မရှိသေးဘူး။  အရင်တုန်းကလည်း လုပ်ခဲ့ဖူးတယ် ၁၉၉၀ တုန်းက ဒါ အထူးအဆန်းတော့ မဟုတ်ပါဘူး။ အမှားအယွင်းဆိုတာထက် မဲစလစ်ပြားပေါ်မှာ  အကျယ်အ၀န်းနေရာပေါ့ တံဆိပ် အ၀ိုင်းဝင်လို့ရအောင်  နေရာကောင်းကောင်းရှိမှ၊ မရှိရင် အသက်ကြီးတဲ့လူက လက်တုန်ပြီး နှိပ်လိုက်တာ ဘေးရောက်သွားတာ အကုန်ပယ်မဲဖြစ်ကုန်ပါတယ်။ ဒါတွေကလည်း မဲပြားပုံ သဏ္ဍာန်ထွက်လာမှပဲ ပိုပြီးတော့ ကြည့်ဖို့ကောင်းပါတယ်။”

ပြည်ထောင်စုရွေးကောက်ပွဲ  ကော်မရှင်လူကြီးတွေဟာ အာဏာရပါတီနဲ့ နီးစပ်လွန်းတယ်၊ တပ်မတော်က စစ်ဗိုလ်ဟောင်းတွေဖြစ်နေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ အဖွဲ့ချုပ်အနေနဲ့ ရော ကော်မရှင်က လူပုဂ္ဂိုလ်တွေ အပေါ် ယုံကြည်မှု ဘယ်လောက်ရှိပါသလဲ။

“လက်ရှိကော်မရှင်တာဝန်ရှိတဲ့လူတွေ အပေါ်မှာ ကျနော်ဘာမှ ပြောစရာမရှိပါဘူး။ သို့သော် ကော်မရှင်မှာ ဒီလိုလူကြီးမျိုးထက်ကို ပါတီနိုင်ငံရေးနဲ့ လုံးဝကင်းစင်တဲ့ ကော်မရှင်မျိုးကို ကျနော်တို့ လိုချင်တယ်။”

အန်အလ်ဒီပါတီအနေနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ကတိပြု လုပ်ပေးမယ်လို့ ပြောထားတဲ့ ရွေးကောက်ပွဲ ကြွေးကြော်သံ ၃ ခုပေါ့ တရားဥပဒေစိုးမိုးရေး၊၊  ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဒီ ၃ ခုဘယ်လောက် အောင်မြင်အောင် လုပ်နိုင်တယ်လို့ သုံးသပ်ပါသလဲ။

“ကျနော်တို့ ဘယ်လောက်ဆိုတာတော်တော် ပြောရခက်ပါတယ်။ တကယ်တမ်း အဲဒီ ၃ ခုစလုံးကို အန်အလ်ဒီက လုပ်နေတယ်။ လွှတ်တော်တွင်းမှာလုပ်တယ်၊ ကုလသမဂ္ဂနဲ့ ပူးပေါင်းပြီး ဥပဒေစိုးမိုးရေး လုပ်တယ်။ အများကြီး လုပ်နေပါတယ်။ တကယ်ထိရောက်မှု ရှိမရှိဆိုတာ သမိုင်းကိုပြန်ကြည့်မှရမယ်။ သမိုင်းလိုပဲ ဒါနောင်မှ ပြောလို့ ရမယ် အခုကတော့ ကိုယ်လုပ်တယ်၊ ကိုယ်ကောင်းတယ်လို့ပဲ ပြောနေတာပဲ။ ကျနော်တို့ သုံးခုစလုံးက အတူတူပါပဲ ဆက်စပ်နေပါတယ်။ သေချာစဉ်းစားရင် တရားဥပဒေစိုးမိုးရေး၊  ဖွဲ့စည်းပုံပြင်ဆင်ရေး ဒါတွေဟာ အကုန်ဆက်စပ်နေလို့ပါ။ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ရင်လည်း ဒီနေ့ ကျနော်တို့ မပြောနိုင်သေးဘူး။ သို့သော် လွှတ်တော်မှာ ဆွေးနွေးစရာရှိတယ်၊ ပြင်စရာရှိတယ်၊ ဒါတွေလည်း စောင့်ကြည့်နေရတယ်။ အဲတော့ ကျနော်တို့က လွှတ်တော်မှာ မတင်သေးပဲနဲ့ ကျနော်တို့ လုပ်တာ ဘယ်လောက်အောင်မြင်တယ်။၊ မအောင်မြင်ဘူး ပြောဖို့ မသင့်ပါဘူး။”

လာမယ့်ရွေးကောက်ပွဲမှာ အဖွဲ့ချုပ်အနေနဲ့ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွေမှာတုန်းကလို အပြတ်အသတ်အနိုင်ရမယ့် အခြေအနေမှာ ရှိနေတယ်လို့ ထင်ပါသလား။

“ကျနော်တို့ အဲသလို အပြတ်အသက်အနိုင်ရဖို့ပဲ ကြိုးစားမှာပါ။”

လာမယ့်  ရွေးကောက်ပွဲမှာ အဖွဲ့ချုပ်ရဲ့  အဓိက ပြိုင်ဘက်တွေက လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီလား၊  ၁၉၉၀ ပြိုင်ဘက်ဟောင်း တစညပါတီလား၊ တိုင်းရင်းသား ပါတီတွေလား။

“အခုကတော့ အစိုးရရဲ့ပါတီပဲပေါ့၊  ကြံခိုင်ရေးပါတီက အဓိကပြိုင်ဘက် ဖြစ်ပါလိမ့်မယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013