
လွန်ခဲ့တဲ့ နှစ်လကျော်က မော်ရိုကိုနိုင်ငံဘက်က နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာခဲ့သူ ထောင်ပေါင်းများစွာ ရှိခဲ့တဲ့ မြောက်အာဖရိကက စပိန်ပိုင်နက် နယ်မြေငယ် စီယူတာမှာရှိတဲ့ ကမ်းခြေတခုမှာ ရွှေ့ပြောင်းအခြေချသူတွေရဲ့ စခန်းတခုကို စပိန်ရဲတပ်ဖွဲ့က အောက်တိုဘာ ၄ ရက်မှာ ရှင်းလင်းဖယ်ရှားခဲ့တယ်လို့ စပိန်အစိုးရက ပြောပါတယ်။
လူဦးရေ ၈၀,၀၀၀ လောက်နေတဲ့ ဒီနယ်မြေငယ်လေးမှာ ရွှေ့ပြောင်းအခြေချသူ အယောက် ၃,၀၀၀ လောက်က တဲတွေ၊ ယာယီအိမ်တွေဆောက်ပြီး နှစ်လကြာ နေထိုင်ခဲ့ကြတဲ့ ထရမ်ပိုလင်း ကမ်းခြေကို ရဲတပ်ဖွဲ့က ရှင်းလင်းဖယ်ရှားခဲ့တယ်လို့ စပိန်ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတယောက်က တနင်္ဂနွေနေ့မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
သူတို့ကို ယာယီနေရာထိုင်ခင်းတွေဆီ ပို့ဆောင်ပေးမှာဖြစ်ပြီး အဲဒီနေရာမှာ စိစစ်တာတွေ ဒါမှမဟုတ် မော်ရိုကိုနိုင်ငံဆီ ပြန်သွားတာတွေ လုပ်နိုင်မှာပါ။
လူဦးရေ ၈၀,၀၀၀ လောက်နေတဲ့ ဒီနယ်မြေငယ်လေးထဲမှာ ရွှေ့ပြောင်းအခြေချသူ ထောင်ပေါင်းများစွာက အခက်အခဲတွေကြားမှာ နေရတာနဲ့ပတ်သက်ပြီး အခြေအနေ ဆက်တင်းမာနေချိန်မှာ ခုလို ရှင်းလင်းဖယ်ရှားခဲ့တာပါ။
အောက်တိုဘာ ၃ ရက်မှာ ဒေသခံတွေက ရွှေ့ပြောင်းအခြေချသူများဆိုင်ရာ အခြေအနေအတွက် ဖြေရှင်းချက်တခုရဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတခုကို ဆင်နွှဲခဲ့ကြပါတယ်။
ဇူလိုင်လနှောင်းပိုင်းမှာ လူပေါင်း ၇၂,၀၀၀ ကျော်ဟာ မော်ရိုကိုနိုင်ငံကနေ စီယူတာဆီ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့ကြပါတယ်။
ရွှေ့ပြောင်းအခြေချသူ အများစုက နောက်ပိုင်းမှာ ပြန်သွားခဲ့ကြပေမဲ့ အနည်းဆုံး လူဦးရေ ၁၀,၀၀၀ လောက် ကျန်နေခဲ့ပါတယ်။
စပိန်ဘုရင် ဖိလစ်နဲ့ ဘုရင်မ လက်တီဇီယာ တို့ဟာ ဘုရင်မင်းမြတ်ရဲ့ နန်းသက်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် စီယူတာကို အောက်တိုဘာ ၁၃ ရက်နဲ့ ၁၄ ရက်တို့မှာ လာလည်ဖို့ စီစဉ်ထားပါတယ်။
စီယူတာနဲ့ စပိန်ပိုင် မြောက်အာဖရိကနယ်မြေငယ်တခုဖြစ်တဲ့ မယ်လီယာ တို့အပေါ် ပိုင်နက်အချုပ်အခြာအာဏာ ပိုင်ဆိုင်ကြောင်း ပြောဆိုထားတဲ့ မော်ရိုကိုနိုင်ငံနဲ့ ကာလရှည် ပဋိပက္ခတွေကြားမှာ ဒီခရီးစဉ် ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။
Source: Reuters










