
မိုနာကိုနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲမှုကို နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တယ်လို့ ယူဆရတဲ့ သံသယရှိသူ ကို ဇူလိုင် ၃ ရက်က ဖမ်းဝရမ်းထုတ်လိုက်ပြီး အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (အင်တာပိုလ်) ရဲ့ အနီရောင်အဆင့် သတိပေးချက်နဲ့ပါ လိုက်လံရှာဖွေသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အင်တာပိုလ်ရဲ့ အနီရောင်သတိပေးချက် ဆိုတာကတော့ ကမ္ဘာ့ဘယ်နေရာမှာပဲဖြစ်ဖြစ် သံသယရှိသူ ကို တွေ့ရင် ယာယီဖမ်းဆီးထိန်းသိမ်းပေးဖို့ နိုင်ငံတကာရဲတပ်ဖွဲ့တွေကို အကူအညီတောင်းခံတဲ့ လုပ်ထုံးလုပ်နည်းဖြစ်ပြီး နိုင်ငံတကာဖမ်းဝရမ်း အမျိုးအစားတော့ မဟုတ်ပါဘူး။
ပြီးခဲ့တဲ့ တနင်္လာနေ့ ညနေပိုင်းက ဓနအင်အားတောင့်တင်းပြီး မင်းသားအုပ်ချုပ်တဲ့ မိုနာကိုနိုင်ငံထဲမှာ ပါဆယ်ဗုံးတလုံး ပေါက်ကွဲခဲ့လို့ လူ ၃ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါဟာ ယူကရိန်းဖွား သူဌေးကြီး အိုလီဂါ့ခ် တယောက်တည်းကို ပစ်မှတ်ထား တိုက်ခိုက်တာလို့ ယူဆရပြီး သံသယရှိသူဟာ မိုနာကိုနဲ့ နယ်စပ်စစ်ဆေးရေးဂိတ် မရှိတဲ့ ပြင်သစ်နိုင်ငံဘက်ကို ခြေလျင် ထွက်ပြေးသွားခဲ့တယ်လို့ ယူဆရပါတယ်။
အဓိက သံသယရှိသူဟာ အမျိုးသမီးတယောက်ဖြစ်ပြီး သူဟာ မိုနာကိုမှာရော အိမ်နီးချင်း ပြင်သစ်နိုင်ငံ မှာပါ မနေထိုင်ဘူးလို့ ပြင်သစ်သတင်းစာတွေမှာ ဖော်ပြပါတယ်။
အမှုနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ထပ်မံထုတ်ပြန်ပေးသွားမယ်လို့ အာဏာပိုင် တွေက ဆိုပါတယ်။
ကာစီနို လောင်းကစားရုံတွေနဲ့ သူဌေးကြီးတွေရဲ့ ဇိမ်ခံလူနေမှုဘဝကြောင့် လူသိများတဲ့ မိုနာကို နိုင်ငံဟာ တဖက်မှာ မြေထဲပင်လယ်ရှိပြီး ကျန်တဲ့ဘက်တွေမှာတော့ ပြင်သစ်နိုင်ငံနဲ့ ဝန်းရံထားတာ ဖြစ်ပါတယ်။
Source: Reuters










