
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းက စခန်းတွေမှာ နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ထောင်ပေါင်းများစွာဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ၉ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သြဂုတ် ၂၅ ရက်မှာ စုဝေး စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
ဒုက္ခသည်တွေဟာ စခန်းတွေရဲ့ လမ်းကျဉ်းတွေေတဆင့် ချီတက်ခဲ့ကြပြီး ကျယ်ပြန့်တဲ့ လယ်ကွင်းတခုမှာ စုဝေးခဲ့ကြကာ ဘေးကင်းလုံခြုံပြီး ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်တိုင်ဖို့ တောင်းဆိုတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။
သူတို့ အမြန်ဆုံး အိမ်ပြန်နိုင်စေမဲ့ အခြေအနေတွေကို ဖန်တီးပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းခဲ့ကြပါတယ်။
စုဝေးပွဲမှာ ပါဝင်ခဲ့တဲ့ ဒုက္ခသည်တွေက ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တရားမျှတမှုကိုလည်း တောင်းဆိုခဲ့ပြီး ဘယ်လို နေရပ်ပြန်ပို့မှုမဆို သူတို့ရဲ့ အခွင့်အရေးတွေ၊ ဘေးကင်းလုံခြုံမှုနဲ့ နိုင်ငံသားဖြစ်မှုတွေကို အာမခံရမယ်လို့ အလေးပေး ပြောဆိုခဲ့ကြပါတယ်။
မြန်မာ စစ်အာဏာရှင်အဆက်ဆက် လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ ၂၀၁၇ ခုနှစ်မှာ ARSA ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်း စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာ ၁ သန်းကျော်ဟာ ကျပ်ညပ်နေတဲ့ စခန်းတွေမှာ ဆယ်စုနှစ်တွေနဲ့ချီ နေထိုင်ခဲ့ကြရတာပါ။
လက်ရှိအချိန်မှာလည်း နေရပ်ပြန်လာဖို့ အလားအလာနည်းပါးနေပြီး အများအပြားကတော့ တတိယနိုင်ငံတွေကိုသွားဖို့ အန္တရာယ်ရှိတဲ့ ပင်လယ်ခရီးတွေကို စွန့်စားထွက်ခွာ လွတ်မြောက်ဖို့ ကြိုးပမ်းခဲ့ကြတာမှာ အသက်ဆုံးရှုံးရတာတွေလည်း ရှိခဲ့ပါတယ်။
ရိုဟင်ဂျာ အသိုက်အဝန်းခေါင်းဆောင် မိုဟာမက်ဖော်ကန်ကတော့ မြန်မာနိုင်ငံက ဇာတိမြေဆီ ဘေးကင်းကင်း ပြန်ချင်ကြတယ်လို့ စုဝေးပွဲမှာ ပြောတဲ့မိန့်ခွန်းမှာ ပြောပါတယ်။











