
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ဧပြီ ၁၈ ရက် မနေ့ညနေပိုင်းက ကား ၄ စီး တိုက်မိပြီး သံဃာတွေအပါအဝင် ၁၂ ယောက် သေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
သထုံ-ရန်ကုန် အဝေးပြေးလမ်း နောင်ဘိုကျေးရွာမှာ မော်လမြိုင်ဘက်ကနေလာတဲ့ Express ကားနဲ့ ကား ၄ စီး တိုက်မိခဲ့တာဖြစ်ပြီး လိုက်ထရပ်ကား ပေါ်ပါလာတဲ့ သံဃာ ၇ ပါး၊ ကိုရင် တပါး၊ ကလေး တယောက်နဲ့ အမျိုးသား ၃ ယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေး လုပ်ပေးခဲ့သူတယောက်က “မော်လမြိုင်မှာ ကွမ်းယာဆိုင်ဖွင့်ထားတဲ့ ကိုအောင်မြင့်က သင်္ကြန်မကျခင်ကတည်းက သထုံမှာ ဘုန်းကြီးဝတ်နေတာ။ မနေ့က ကျိုက်ထီးရိုးဘုရားကို လိုက်ထရပ်ကားနဲ့ သွားကြတယ်။ သံဃာတွေအပါ ၁၉ ဦး ပါတယ်။ အဲဒါ ယာဥ်မတော်တဆမှုဖြစ်သွားကြတာ” လို့ DVB ကိုပြောပါတယ်။
ယာဥ်တိုက်မှုကို သထုံမြို့နယ်မီးသတ်စခန်းနဲ့ ကျိုက္ကော်နယ်မြေမီးသတ်စခန်း၊ အကြင်နာတွဲလက် လူမှုကူညီရေးအသင်း၊ ပီတိနှလုံးသား လူမှုကူညီရေးအသင်း၊ နှလုံးသားလှ လူမှုကူညီရေးအသင်း၊ မေတ္တာရှင် လူမှုကူညီရေးအသင်း၊ သင်္ခါရ လူမှုကူညီရေးအသင်းတို့က ကူညီကယ်ဆယ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို သထုံပြည်သူ့ဆေးရုံ၊ သိမ်ဆိပ်တိုက်နယ်ဆေးရုံနဲ့ ရန်ကုန်ပြည်သူ့ ဆေးရုံတွေဆီ ပို့ထားရတယ်လို့ သိရပါတယ်။










