
ဒုတပ်ချုပ်ဟောင်း ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းဦးဆောင်တဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီရုံးကို နေပြည်တော်မှာ မေ ၂၀ ရက်က ဖွင့်လှစ်လိုက်ပေမဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်ရော လက်ရှိ တပ်ချုပ်ရော တက်ရောက်ခြင်း မရှိဘဲ ဖွင့်လှစ်ခဲ့ရတယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်တွေ ဆီက သိရပါတယ်။
အာဏာမရှိတော့တဲ့ ဒုဗိုလ်မှူးကြီးစိုးဝင်းမှာ ဇေယျာသီရိမြို့နယ်ထဲက ကျောင်းတိုက်တခုမှာ ဘုန်းကြီး ဝတ်နေပြီး ကောင်စီရုံးဖွင့်ဖို့ အတွက်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက လူထွက်ခဲ့တာလို့ နေပြည်တော် သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
"အာဏာမရှိတော့ရင် အရမ်းသိသာတယ်။ သမ္မတတို့ တပ်ချုပ်တို့မပြောနဲ့ သူတပည့်တွေဖြစ်တဲ့ နေပြည်တော်က တိုင်းမှူးတွေ ကစထမှူးတွေ ဝန်ကြီးတွေတောင် မလာဘူး ဘယ်သူမှမလာလို့သူ တို့လူနဲ့ သူတို့ပဲ လုပ်လိုက်ကြတယ်။ ဘုန်းကြီးဝတ်ပြီး ပြန်ထွက်လာတဲ့ ဦးစိုးဝင်းကြီးလည်းအတော် လေးစိတ်ပျက်သွားပုံရတယ်။”
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီရုံးဖွင့်တဲ့ သတင်းကို အာဏာရှင်စစ်တပ်ရဲ့ဝါဒဖြန့် သတင်းဌာန တွေ ဖြစ်တဲ့ MRTV နဲ့ မြဝတီတို့ကလည်း ဖော်ပြခြင်းမရှိပါဘူး။
ဦးစိုဝင်းရဲ့အဖြစ်မှာ အာဏာသိမ်းခါစ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေတို့အဖြစ်နဲ့ သွားတူပြီး မကြာခင် နေရာကနေဖယ်ပေးရပြီး အတိုင်ပင်ခံကောင်စီကို အသစ်ပြန်လည်ဖွဲ့စည်းသွားမယ့် ပုံစံမျိုး ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်က DVB ကိုရှင်းပြ ပါတယ်။
"အာဏာသိမ်းတုန်းက ဦးသိန်းညွန့်တို့အုပ်စုကို မင်းအောင်လှိုင်က နိုင်ငံတော်အကြံပေးဆိုပြီး ခေါ်ထားတဲ့ ပုံစံနဲ့သွားတူတယ်။ နိုင်ငံရေးစကားအရပြောရရင် ချွေးသိပ်တာပေါ့။ မကြာဘူး ဦးစိုးဝင်း ကို ဖြုတ်ပြီး အတိုင်ပင်ခံကောင်စီကိုအသစ်ပြန်ဖွဲ့လိမ့်မယ် စစ်ခေါင်းဆောင်က။"
၂၀၂၆ ခုနှစ် မတ် ၃၀ ရက်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကာကွယ်ရေးဦးစီးချုပ်နေရာကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံလွှဲပေးပြီး ဒုဗိုလ်ချုပ်ကြီးစိုးဝင်းက ဒုကာကွယ်ရေးဦးစီးချုပ်နေရာကို ညှိုနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးကျော်စွာလင်းထံ လွဲပေးခဲ့ ပါတယ်။
ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုတော့ ဥက္ကဋ္ဌ နေရာပေးကာ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ဧပြီ ၁၀ ရက်မှာ ဖွဲ့စည်းပေးခဲ့ပါတယ်။
ကောင်စီ အတွင်းရေးမှူးကတော့ ဗိုလ်ချုပ်ကြီးမောင်မောင်အေးဖြစ်ကာ အဖွဲ့ဝင်အဖြစ် ဦးသန်းဆွေ၊ ဦးကိုကိုလှိုင်၊ ဦးမိုးအောင်၊ ဒေါက်တာ ရင်ရင်နွယ်၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဦးကိုကိုကြီး၊ မန်းငြိမ်းမောင်၊ ဒေါ်ဒွဲဘူနဲ့ ဦးဇော်အေးမောင်တို့ ဖြစ်ပါတယ်။











